mdn

(အပိုင်း - ၁)

 

သတင်းဆောင်းပါး - သိပ္ပံစာရေးဆရာကိုကိုအောင်

 

စက်ရုံ အဆောက်အအုံသစ်ဖွင့်ပွဲသို့၂၀၁၉ ခုနှစ် ဧပြီ ၅ ရက်က စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း လက်အောက်ရှိ ဘီပီအိုင်(BPI) အမှတ်တံဆိပ်ဖြင့် ပြည်သူ့ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများကို ထုတ်လုပ်ပေးနေသော ဆေးဝါးစက်ရုံ(အင်ရောင်း)၏ သွေးကြောသွင်းဆေးရည် တိုးမြှင့်ထုတ်လုပ်ရေး စက်ရုံ အဆောက်အအုံသစ် ( Large Volume Parenteral Solution Production Plant) ဖွင့်ပွဲသို့ တက်ရောက် ခဲ့သည်။

 

မြန်မာနိုင်ငံ လူနာတင်ယာဉ်များ အရည်အသွေးစိစစ် အသိအမှတ်ပြုရေးကော်မရှင်(CAAM)၏ ကော်မရှင် အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်၊ အာဆီယံပဋိညာဉ်ခံ အင်ဂျင်နီယာပညာရှင်တစ်ဦးလည်းဖြစ်ပြီး ပြည်သူ့အကျိုးပြု သိပ္ပံစာရေးဆရာတစ်ဦးလည်းဖြစ်သော မိမိအတွက်စိတ်ဝင်စားဖွယ်ရာအတိဖြစ်သည့် အဆိုပါစက်ရုံ အဆောက် အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ပါရန်ဖိတ်မန္တကပြုပေးခဲ့သော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)စက်ရုံမှူးတို့၏ ဖိတ်ကြားခဲ့မှု အပေါ်လည်း တလေးတစား ကျေးဇူးတင်မိသည်။ စက်ရုံဖွင့်ပွဲတွင် အဆောက်အအုံသစ်ကို စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့ကြသည်။

 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သည့်မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ဟံမြင့်မိုရ်အနောက် ၂ မိုင် ၅ ဖာလုံအကွာရှိအင်ရောင်းကျေးရွာအနီး၌ တည်ရှိသော ဆေးဝါး စက်ရုံ(အင်ရောင်း)သည် ၃၁ ဒသမ ၅၇ ဧက ကျယ်ဝန်းသော ပြည်သူ့ဆေးဝါးထုတ်လုပ်ရေး စက်ရုံကြီးတစ်ရုံဖြစ်သည်။ နိုင်ငံတော်အတွက် လိုအပ်ချက်ဖြစ်သည့် တစ်ခါသုံး ဆေးထိုးအပ်၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည်များကိုပိုမို ဖြည့်ဆည်း ပေးရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်ရရှိရန်၊ ဒေသတွင်းရှိ လူ့စွမ်းအား အရင်းအမြစ်များကို ရယူအသုံးချ၍ ဆေးဝါးထုတ်လုပ်မှုနည်းပညာ အသိကြွယ်စေရန်၊ ပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ ဆေးကုသမှု ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးရန်နှင့် လိုအပ်သော ဆေးဝါးများ ဖြည့်တင်းပေးရန် စသော ရည်ရွယ်ချက်များဖြင့် ၂၀ဝ၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ဆေးဝါးစက်ရုံ(အင်ရောင်း)ကို စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်တစ်ဝန်း ဆေးဝါးလိုအပ်ချက်ကိုတစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဘီပီအိုင် (BPI) အမှတ်တံဆိပ်ဖြင့်တစ်ခါသုံးဆေးထိုးအပ် သုံးမျိုး၊ သွေးကြောသွင်း ဆေးရည်ငါးမျိုး၊ ထိုးဆေး ၁၇ မျိုး၊ ပဋိဇီဝထိုးဆေး ငါးမျိုး၊ ဆေးမှုန့် ခုနစ်မျိုး၊ မျက်စဉ်းဆေး တစ်မျိုး၊ Irrigation Solution  နှစ်မျိုးနှင့် အနာ ကျက်ဆေးရည် နှစ်မျိုးတို့ကို ထုတ်လုပ်ပေးနေသော ဆေးဝါးစက်ရုံ(အင်ရောင်း)၏ သွေးကြောသွင်း ဆေးရည် တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ရင်း ဘီပီအိုင်(BPI)အမှတ်တံဆိပ်၏ သမိုင်းကြောင်းကို ပြန်ပြောင်း သတိရမိလိုက်သည်။

 

ဘီပီအိုင်၏ သမိုင်းကြောင်း

 

ဘီပီအိုင်ဟုဆိုလျှင် မသိသူ မရှိသလောက်ရှားပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူမှန်သမျှတွင် ဘီပီအိုင်အမှတ်တံဆိပ်နှင့် ကင်းသူဟူ၍ ရှာမတွေ့နိုင်ပေ။ အကြောင်းမှာ တစ်ချိန်က Burma Pharmaceutical Industry(BPI) အဖြစ် အလွန်ထင်ရှားခဲ့ပြီး ယခုအခါ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ဆေးဝါး လုပ်ငန်း၏ မဟာဗျူဟာမြောက် ဆေးဝါးထုတ်လုပ်ရေးစက်ရုံများဖြစ်ကြသော ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့မှထုတ်လုပ်ပေးနေသည့် ပြည်သူ့ကျန်းမာရေး အထောက်အကူပြု ဆေးဝါးတို့၏ အမှတ်သညာ ဖြစ်နေသောကြောင့်ပင်။

 

ဘီပီအိုင်တံဆိပ် ဆေးဝါးများသည် အာနိသင်ထက်မြက်ပြီး စံချိန်စံòန်းပြည့်မီခြင်း၊ ကောင်းမွန်သော ထုတ်လုပ်မှု နည်းစဉ်(GMP)နှင့်အညီထုတ်လုပ်ထားခြင်း၊ အရည်အသွေး မြင့်မားခြင်း စသည့်အချက်များနှင့် ပြည့်စုံသော ကြောင့် သုံးစွဲသူများကို ထိရောက်စွာ အကျိုးပြုခဲ့သည်။ အကျိုး ပြုနေဆဲလည်းဖြစ်သည်။ ဘီပီအိုင် အမှတ်တံဆိပ်သည် မြန်မာနိုင်ငံ ပြည်တွင်း၌သာမက နိုင်ငံရပ်ခြား တိုင်းပြည်များတွင်ပါ လူသိများ ထင်ရှားသော အမှတ်တံဆိပ် တစ်ခုအဖြစ်ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ(BPI) ပေါ်ပေါက်ဖြစ်တည်လာရပုံသည်လည်း မြန်မာ့လွတ်လပ်ရေးရရှိမှု ကာလမတိုင်မီနှင့် လွတ်လပ် ရေးရရှိပြီး နောက်ပိုင်းကာလတို့နှင့် ဆက်စပ်ပတ်သက်နေခဲ့သည်။

 

ဘီပီအိုင်စက်ရုံ တည်ဆောက်ခြင်း

 

၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေးဒဏ်ကိုအခြားသော နိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်း ဆိုးရွားစွာ ခံခဲ့ရသည့်အားလျော်စွာ စစ်ပြီးခေတ်တွင် စစ်ဘေးဒဏ်ခံ မြန်မာပြည်သူအချို့မှာ အာဟာရချို့တဲ့မှုနှင့် ရောဂါကာကွယ်ကုသသည့်ဆေးဝါးများ ရှားပါးပြတ်လပ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့သော ခါးသီးသည့်အတွေ့အကြုံများက မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း ခေတ်မီဆေးဝါးစက်ရုံတစ်ရုံတည်ဆောက်ရန် အကြောင်း ပေါ်ပေါက် လာစေခဲ့သည်။

 

နိုင်ငံတော်၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ အရေးပေါ် အခြေအနေများတွင် ဆေးဝါး ရှားပါးပြတ်လပ်မှု အကျပ်အတည်းကိုကျော်လွှားနိုင်ရေး၊ နိုင်ငံခြားငွေ သုံးစွဲရမှုကိုသက်သာစေရေး၊ သွင်းကုန် အစားထိုးနိုင်ရေးနှင့်မြန်မာတိုင်းရင်းသားများ ဆေးဝါးထုတ်လုပ်မှုအတတ်ပညာ တတ်မြောက် ကျွမ်းကျင်လာစေ ရေး စသော ဦးတည်ချက် ရည်ရွယ်ချက်များဖြင့်မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတစ်ခုကို တည်ထောင်လည်ပတ်ရန် အားထုတ်ကြိုးပမ်းခဲ့ကြရာ ၁၉၅၂ ခုနှစ် ဩဂုတ်လက ကျင်းပခဲ့သော ပြည်တော်သာ ညီလာခံ၏ စီမံကိန်းကြီး ဆယ်ရပ်တွင် ဆေးနှင့်ကျန်းမာရေးကဏ္ဍတစ်ရပ် ပါဝင်ခဲ့သည်။

 

ပြည်တော်သာစီမံကိန်း၏ ဆေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ကနဦး လုပ်ငန်းစဉ်အဖြစ် အမျိုးသား စီမံကိန်းဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဆေးဝါးလုပ်ငန်းများ လေ့လာရန် ၁၉၅၃ ခုနှစ်က အင်္ဂလန်နှင့် ဥရောပနိုင်ငံများသို့ စေလွှတ်ခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့၏ အစီရင်ခံစာကို အကြောင်းပြုကာ နိုင်ငံတော်အစိုးရ ဝန်ကြီး များအဖွဲ့သည် ၁၉၅၃ ခုနှစ်အတွင်းမှာပင် အထူး စီမံကိန်းများ ရုပ်လုံးဖော်ရေးအဖွဲ့ကို ဖွဲ့စည်းကာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ထို့နောက် ၁၉၅၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် အင်္ဂလန်နိုင်ငံ လီဗာပူးမြို့ရှိ အီဗင်ဆေးဝါးထောက်ပံ့ရေးလီမိတက် (Evans Me-dical Supplies Ltd.)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရတို့သည် မြန်မာနိုင်ငံတွင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအတွက် စာချုပ်ချုပ်ဆိုခဲ့ကြသည်။ စာချုပ်ပါ သဘောတူညီချက်များအရ မြန်မာနိုင်ငံအတွင်း၌ ခေတ်မီ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ပြီး ရောဂါကာကွယ်ကုသဆေးများကို ကျယ်ပြန့်စွာ ထုတ်လုပ်ရန်နှင့် အရက်ပြန်နှင့် အာဟာရဖြည့် ယိစ်ဆေးပြား များကိုလည်း ထုတ်လုပ်ရန်ဖြစ်သည်။

 

ယင်းသို့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကြို့ကုန်း(အနောက်) ရပ်ကွက်ရှိ ယခု ဆေးဝါးစက်ရုံ(အင်းစိန်) တည်ရှိရာ မြေဧရိယာ ၇၉ ဧကပေါ်၌ စက်ရုံအဆောက်အအုံများ ဆောက်လုပ်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုနှစ် ဧပြီ ၂၃ ရက်တွင်ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ပန္နက်ရိုက်ပြီး အုတ်မြစ်ချမင်္ဂလာ ပြုလုပ်ကာ ထိုနှစ်မေလတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။

 

ဆေးဝါးများ စတင်ထုတ်လုပ်ခြင်း

 

စက်ရုံ၏ ပင်မထုတ်လုပ်ရေး အဆောက်အအုံကို ၁၉၅၅ ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးခဲ့ပြီးနောက် အဆိုပါ အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းကို ယာယီထုတ်လုပ်မှု ယူနစ်တစ်ခုအဖြစ်ဖွဲ့စည်းမွမ်းမံကာ ဆေးဝါးအချို့ကို စတင်ထုတ်လုပ်ခဲ့သည်။ ၁၉၅၇ခုနှစ်ဇန်နဝါရီလတွင် ပါဏဗေဒ ဌာနကိုလည်းကောင်း၊ ယင်းနှစ် ဖေဖော်ဝါရီလ တွင် အရက်ချက်စက်ရုံကိုလည်းကောင်း၊ ဇူလိုင်လတွင် တဆေးစက်ရုံကို လည်းကောင်း၊ ဩဂုတ်လ တွင် စက်ရုံအဆောက်အအုံ အားလုံးကိုလည်း ကောင်း တည်ဆောက်ပြီးစီးခဲ့သည်။

 

မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ(BPI)၏ အဆောက်အအုံများကို တည်ဆောက်ရာ တွင် ထိုစဉ်က ကျပ်ငွေ သန်း ၄၀ ကျော်ကုန်ကျခဲ့ပြီး ထုတ်လုပ်ရေး စက်ကိရိယာများ ဝယ်ယူတင်သွင်း တပ်ဆင်ခြင်းအတွက် ကျပ်ငွေသန်း ၂၀ ကျော် စုစုပေါင်း ကျပ်ငွေ သန်း ၆၀ ကျော် ကုန်ကျခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ဆေးဝါး အမယ်(အမည်)ပေါင်း ၄၁ မျိုးနှင့် ကာကွယ်/ ကုသဆေး ခြောက်မျိုးတို့ကို စတင်ထုတ်လုပ်နိုင်ခဲ့ပြီး ထိုနှစ်ထဲမှာပင် အရက်ပြန်၊ တဆေးနှင့် ယိစ်ဆေးပြားများကိုပါ တစ်ဆက်တစ်စပ်တည်း စတင်ထုတ်လုပ်နိုင်ခဲ့သည်။

 

၁၉၅၇ ခုနှစ် မကုန်မီ တည်ဆောက်ရေးနှင့်စက်ကိရိယာ တပ်ဆင်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့သော မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ(BPI)ကို ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်တွင် ထိုစဉ်က နိုင်ငံတော်သမ္မတကိုယ်တိုင်အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

 

စာချုပ်ရပ်စဲခြင်း

 

ယင်းသို့ ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် အီဗင်ဆေးဝါးထောက်ပံ့ရေး လီမိတက်နှင့် မြန်မာ နိုင်ငံတော်အစိုးရတို့ ချုပ်ဆိုခဲ့သည့် စာချုပ်ကိုမလွှဲမရှောင်သာဘဲ ရပ်စဲရန် အကြောင်း ပေါ်ပေါက်လာခဲ့သည်။ စက်ရုံစီမံ ကွပ်ကဲအုပ်ချုပ်ရေး ညံ့ဖျင်းခြင်း၊ စက်ရုံကိစ္စ အကြောင်းပြချက်ဖြင့်နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ပ ခရီးသွားလာမှုစရိတ်စက များပြားလွန်းခြင်း၊ အုပ်ချုပ်မှုစရိတ်ကြီးမြင့်ကာ အရှုံးပေါ် ခြင်း၊ မြန်မာ တိုင်းရင်းသား စက်ရုံဝန်ထမ်းများအပေါ် နိုင်ငံခြားသားများ၏ ဆက်ဆံရေး ပြေပြစ်မှုမရှိခြင်း၊ အုပ်ချုပ်ရေး၊ ပစ္စည်းဝယ်ယူရေး၊ အင်ဂျင်နီယာပညာရပ်နှင့်ဆေးဝါးထုတ်လုပ်ရေးပညာရပ် အစရှိသည်တို့ကိုမြန်မာတိုင်းရင်းသားများအား သင်ကြားပြသစေရာတွင် ပညာထိမ်ချန်ပြီး စနစ်တကျသင်ကြား ပေးမှုမရှိခြင်း၊ နိုင်ငံခြားမှ ဆေးဝါးကုန်ကြမ်းများ ဝယ်ယူတင်သွင်းရာတွင် ကုမ္ပဏီကြားခံလူများ ကြောင့် နိုင်ငံတကာပေါက်ဈေးထက် အဆမတန်ဈေးပိုပေးကာ ဝယ်ယူရခြင်း၊ နိုင်ငံခြားသားများက ၎င်းတို့၏အကျိုးစီးပွားအတွက် တစ်ဖက်သတ်အသာစီးယူ လုပ်ကိုင် ဆောင်ရွက်ကြခြင်းစသော အကြောင်းများကြောင့် မြန်မာပြည်သူလူထုနှင့်မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေး စက်ရုံ၏ အနာဂတ်အကျိုးတို့ကို ရှေးရှုကာ မူလစာချုပ်သက်တမ်း ခုနစ်နှစ် မပြည့်မီ ၁ နှစ် ၈ လနှင့်ရက် ၂၀ အလို ၁၉၅၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနိုင်ငံတော်အစိုးရနှင့် အီဗင် ဆေးဝါးထောက်ပံ့ရေး လီမိတက်တို့ ချုပ်ဆိုခဲ့သည့်စာချုပ်ကို တရားဝင်ရပ်စဲကာ နိဂုံးကမ္ပတ် အဆုံး သတ်ခဲ့ရသည်။ ။

 

 (ဆက်လက်ဖော်ပြပါမည်။)