သိပ္ပံစာရေးဆရာကိုကိုအောင်
(ယခင်တစ်ပတ်မှအဆက်)
၁၉၆၀ ပြည့်နှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ (BPI)၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း (BEDC)၏ ကြီးကြပ်မှုအောက်သို့ သွတ်သွင်းခဲ့သည်။ ၁၉၆၄ ခုနှစ် အောက်တိုဘာလတွင် စက်ရုံကို နိုင်ငံတော်ပိုင် ပြုလုပ်ပြီးနောက် ထိုစဉ်က စက်မှုလက်မှု ဝန်ကြီးဌာန၊ စက်မှုလက်မှု တိုးချဲ့လုပ်ကိုင်ရေး ကော်ပိုရေးရှင်း(စတလက)၏ ကြီးကြပ် အုပ်ချုပ်မှုအောက်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ၁၉၇၂ ခုနှစ် မတ်လတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ဆေးဝါးနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း ကော်ပိုရေးရှင်း၏ ကြီးကြပ်အုပ်ချုပ်မှုအောက်သို့ လည်းကောင်း သွတ်သွင်းခဲ့သည်။
ပြောင်းလဲတိုးတက်ခဲ့
အီဗင် ဆေးဝါးထောက်ပံ့ရေး လီမိတက်နှင့် မြန်မာနိုင်ငံတော်အစိုးရတို့ ချုပ်ဆိုခဲ့ကြသည့် စာချုပ်ကို ရပ်စဲခဲ့ကြပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ (BPI)ကို မြန်မာ တိုင်းရင်းသားများက စီမံအုပ်ချုပ် လုပ်ကိုင်ဆောင်ရွက်လာခဲ့ကြရာ အုပ်ချုပ်ရေး၊ ဆေးဝါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုများတွင် သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့သည်။
၁၉၅၇ ခုနှစ်မှစ၍ ဆေးဝါး ၄၁ မျိုးနှင့် ကာ ကွယ်/ကုသဆေး ခြောက်မျိုးကို စတင်ထုတ်လုပ်ခဲ့သော ဘီပီအိုင်သည် မြန်မာ့ တိုင်းရင်းသား ပညာရှင်များ၏ စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းစွမ်းဆောင်ခဲ့မှုများကြောင့် အရည်အသွေးကောင်းပြီး စံချိန်စံညွှန်း ပြည့်မီကိုက်ညီသော ဆေးဝါးများကိုပါ ထပ်မံ တိုးချဲ့ထုတ်လုပ် နိုင်ခဲ့ရုံမျှမက အိမ်သုံးပစ္စည်း၊ အလှကုန်၊ မြွေဆိပ် ဖြေဆေး၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ စသည်တို့ကိုလည်း အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
ဘီပီအိုင်(BPI) အမှတ်တံဆိပ်ဖြင့် ဆေးဝါးများကို ထုတ်လုပ်ပေးနေသော စက်ရုံကြီးနှစ်ခုအနက် ဒုတိယမြောက် ပေါ်ထွက်လာခဲ့သော ဆေးဝါးစက်ရုံ(အင်ရောင်း)သည် နှစ်စဉ်ပျမ်းမျှ သွေးကြောသွင်းဆေးရည် နှစ်သန်း ထုတ်လုပ်နေရာမှ ယခုဖွင့်လှစ်လိုက်သော စက်ရုံ အဆောက် အအုံသစ်၌ နှစ်စဉ် ပျမ်းမျှသွေးကြောသွင်း ဆေးရည် ရှစ်သန်း တိုးမြှင့်ထုတ်လုပ် ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရသည့်အတွက် နောင်အနာဂတ်တွင် ဆေးဝါးစက်ရုံ(အင်ရောင်း) တစ်ခုတည်းမှပင် သွေးကြောသွင်းဆေးရည် စုစုပေါင်း ဆယ်သန်းအထိ ထုတ်လုပ်ပေးနိုင်တော့ မည်ဖြစ်ရာ သန်း ၅၀ ကျော် ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသားတို့၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍအတွက် အလွန်ထိရောက်မှုရှိသော ထုတ်လုပ်မှုစင်တာကြီး ဖြစ်လာတော့မည်ဟု မျှော်မှန်းရသည်။
သွေးကြောသွင်းဆေးရည် ထုတ်လုပ်မှုလုပ်ငန်းစဉ်
ဆေးဝါးစက်ရုံ(အင်ရောင်း)၏ သွေးကြော သွင်းဆေးရည်ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို လေ့လာကြည့်ရာတွင် သွေးကြောသွင်း ဆေးရည် ထုတ်လုပ်ရေး၏ အဓိကကျပြီး အရေးကြီးသော အခြေခံကုန်ကြမ်းမှာ ဆေးဝါးသုံးရေ (Water for Injection) ပင် ဖြစ်သည်။ စက်ရုံ၏ အဝီစိတွင်းမှ ထုတ်ယူရရှိသော တွင်းရေထဲမှ အမှုန်အမွှားများ၊ ပိုးမွှားများနှင့် အနံ့အရသာများကို ဖယ်ရှားရန်အတွက် ရေကိုစစ်ထုတ်ပြုပြင်သည့် စနစ်တစ်ရပ် ထားရှိရသည်။ အဆိုပါစနစ်တွင် Poly Aluminium Chloride ကို အသုံးပြုပြီး ရေတွင်ပါဝင်သော အနည်များကို စုခဲစေခြင်း (Coagulation)၊ Polymer ကို အသုံးပြုပြီး အနည်ထိုင်စေခြင်း (Sedimentation) ၊ Sodium Hypochloride ကို အသုံးပြုပြီး အနံ့ဖယ်ရှားခြင်း၊ ပိုးသတ်ခြင်း၊ Activated Carbon Filtration နှင့် Sand Filtration တို့ကို အသုံးပြုပြီး အမှုန်အမွှားများနှင့် Solid များကို ဖယ်ရှားခြင်း စသည်တို့ကို အဆင့်ဆင့် ပြုလုပ်ရသည်။
ရရှိလာသည့် သန့်စင်ပြီးရေများကို ဂါလန် ငါးသောင်းဆံ့ Ground Tank ဖြင့် သိုလှောင်ပြီး သန့်ရှင်းသည့်အခန်းတွင် Ultrafiltration ပြုလုပ်သည်။ ပြီးနောက် Reverse Osmosis (RO) စက်နှင့် Electrodeionization(EDI) စက်များကို အသုံးပြုကာ ရေတွင်ပါဝင်သော Cation နှင့် Anion များကို ဖယ်ရှားလိုက် သည့်အခါ Demineralization Water ကို ရရှိလာသည်။ ယင်းနောက် Distillation Column နှင့် Filter များကို အဆင့်ဆင့်ဖြတ်၍ ပိုးသတ်ပေါင်းခံခြင်းဖြင့် ဆေးဝါးသုံးရေ (Water for Projection) ကို ရရှိသည်။ ဆေးဝါးသုံးရေ၏ အပူချိန်မှာ ၈၀ ဒီဂရီ စင်တီဂရိတ်အောက် လျော့နည်းခဲ့လျှင် ပိုးမွှားများ ပေါက်ပွားနိုင်သည့်အတွက် ထိုအပူချိန်အောက်သို့ ရောက်မသွားအောင် ထိန်းသိမ်းထားရှိရသည်။
ဆေးဝါးဖော်စပ်ရာတွင် WHO Standard နှင့် GMP Guideline တို့အရ သတ်မှတ်ထားသည့် မူရင်းဖော်မြူလာအတိုင်း ကုန်ကြမ်းများကို ဓာတုပစ္စည်းချိန်တွယ်သည့် အခန်း၌ အလေးချိန် ချိန်တွယ်ပြီး ဆေးရည်ပြင်ဆင် သည့် အခန်း၌ ဆေးဖျော်စပ်ရသည်။ ဖျော်စပ်ထားသည့် ဆေးရည်၏ Assay, pH များကို သတ်မှတ်ထားသည့် အချိုးအစားအတိုင်း ပါဝင်မှုရှိမရှိ စစ်ဆေးရသည်။ ဆေးရည်များ၌ ပါဝင်နိုင်သော ဘက်တီးရီးယားများနှင့် ပိုင်ရိုဂျင်များ ကိုလည်း Catridge Filter နှင့် Seitz Filter Sheet များကိုသုံး၍ စစ်ထုတ်ယူရသည်။ အကြောင်းမှာ ပိုင်ရိုဂျင် (Pyrogen) သည် လူနာများအား ချမ်းတုန်ခြင်းနှင့် ဖျားနာခြင်းများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
ယင်းကဲ့သို့ အဆင့်ဆင့် စနစ်တကျ စစ်ထုတ်ပြီးသော ဆေးရည်များကို ခေတ်သစ် နည်းပညာသုံး Blow-Fill-Seal Machine အသုံးပြု၍ ဖြည့်တင်းခြင်းနှင့် ဘူးပိတ်ခြင်းများ လုပ်ဆောင်ရသည်။ အမေရိကန်ပြည်ထောင်စုမှ တိုက်ရိုက် တင်သွင်းခဲ့သော B.F.S စက်၏ အားသာချက်မှာ ပြင်ပမှ အမှုန်အမွှားများ ဝင်ရောက်မှုကို ကာကွယ်ပေးထားနိုင်ခြင်းပင်ဖြစ် သည်။ ယင်းနောက် Capping Machine ကို အသုံးပြုကာ Electric Welding နည်းဖြင့် အဖုံးပိတ်သည်။ ရရှိလာသော ဆေးရည်ဘူးများကို အပူချိန် ၁၀၈ ဒီဂရီ စင်တီဂရိတ်ရှိသော ရေပူဖြင့်ဖြန်း၍ ပိုးမွှားကင်းစင်အောင် ဆောင်ရွက် ရသည်။
ထို့ပြင် စစ်ဆေးသည့်အခန်း၌ ဆေးရည်ဘူး များအတွင်း အမှုန်အမွှားများ ပါဝင်နေခြင်း ရှိမရှိကို Visual Inspection ပြုလုပ်ခြင်း၊ အရည်အသွေးထိန်းချုပ်ခန်း၌ ဓာတုစမ်းသပ်မှု ပြုလုပ်ခြင်းများကို ဆက်လက်ဆောင်ရွက်ရသည်။ အလားတူပင် အဏုဇီဝဓာတ်ခွဲခန်း၌ ပိုးမွှားကင်းစင်မှု ရှိမရှိကိုလည်းကောင်း၊ ဇီဝဗေဒဓာတ်ခွဲခန်း၌ အဆိပ်ဖြစ်နိုင်ခြင်းရှိမရှိကို ကြွက်များဖြင့် လည်းကောင်း၊ ချမ်းတုန်ခြင်းနှင့် ဖျားနာ ခြင်း ရှိမရှိကို ယုန်များဖြင့်လည်းကောင်း စမ်းသပ်စစ်ဆေးကြရသည်။ အရည်အသွေး ထိန်းချုပ် စစ်ဆေးခန်းက စစ်ဆေးအတည်ပြုပြီးသော ဆေးရည်ဘူးများကိုသာလျှင် ဈေးကွက်များဆီသို့ တင်ပို့ရောင်းချ ရသည်။
ဆေးဝါးစက်ရုံ(အင်ရောင်း)မှ ထုတ်ကုန်များ
ဆေးဝါးစက်ရုံ(အင်ရောင်း)၏ သွေးကြောသွင်းဆေးရည် တိုးမြှင့်ထုတ်လုပ်သည့် စက်ရုံအဆောက်အအုံသစ် ဖွင့်ပွဲသို့ တက်ရောက်ရင်း ၎င်းစက်ရုံ၏ ဆေးဝါးများ ဆန်းသစ်တီထွင် ထုတ်လုပ်နိုင်မှု အခြေအနေကိုပါ တစေ့တစောင်း လေ့လာ အကဲခတ်ကြည့်ခဲ့ရာတွင် ခန္ဓာကိုယ် အတွင်း၌ ကုန်ဆုံးသွားသော ရေနှင့် ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် Electrolyte Beverage လေးမျိုး၊ ခန္ဓာကိုယ်တွင်း သန့်စင်ဆေးရည် (PS Solution / 3L & 5L) အရွယ်အစားနှစ်မျိုး၊ ခန္ဓာကိုယ်တွင်း ဓာတ်ဆားဆုံးရှုံးမှုအတွက် ပြန်လည်ဖြည့်တင်းပေးသော ½ PS Solution တစ်မျိုး၊ ခွဲစိပ်ခန်းသုံး သန့်စင်ဆေးရည်ဖြစ်သော Povidine Iodine Solu-tion (15ml & 500 ml) အရွယ်အစားနှစ်မျိုး၊ ခွဲစိပ်ခန်းသုံးလက်ဆေးရည် Povidine (Sur-gical Scrup) နှင့် အကိုက်အခဲပျောက်လိမ်းဆေး Diclofenac Gel စသည်တို့ကိုလည်း ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ ကျန်းမာကြံ့ခိုင်မှုသည် အဓိကကျသော အခြေခံတစ်ရပ်ဖြစ်သည်။ ပြည်သူ အားလုံးနီးပါး ကျန်းမာကြံ့ခိုင်ကြမှသာ ဖွံ့ဖြိုးသောနိုင်ငံကို ပုံဖော်တည်ဆောက်နိုင်ကြမည် ဖြစ်သည်။ ကျန်းမာကြံ့ခိုင် မှုသည် မှန်ကန်သော စဉ်းစားတွေးခေါ် မြော်မြင်မှုများကို ထွက်ပေါ်လာအောင် စွမ်းဆောင်ပေးနိုင်သည်။ ကျန်းမာ ကြံ့ခိုင်သော ပြည်သူများဖြစ်အောင် ကျန်းမာရေး အသိပညာပေးမှုနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှုများက အဓိကအားဖြင့် အထောက်အပံ့ ပြုနေသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းတွင် ဆေးဝါးများ ပြည့်စုံမှု၊ ဆေးဝါးအရည်အသွေး စစ်မှန်ကောင်းမွန်မှု၊ ပြည်သူလူထု အတွင်းသို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိအောင် ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်မှု၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါဘယများအတွက် အချိန်ကာလအလိုက် ဆေးဝါးများကို အချိန်မီ ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးပေးနိုင်မှု၊ သဘာဝဘေးနှင့် လူဖန်တီးသော အကြီးစား ဘေးအ္တရာယ်များကြောင့် ဖြစ်ပွားလာနိုင်သော ထိခိုက်ဒဏ်ရာ ရရှိမှု၊ ကူးစက်ရောဂါနှင့် အာဟာရပြတ်လပ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ရမှုများ၊ မြွေဆိပ်သင့်မှု၊ ဓာတုအဆိပ်သင့်မှု စသည်တို့အတွက် ကုထုံးနှင့် ခေတ်မီဆေးဝါးများ အရန်သင့်ထားရှိ ပေးနိုင်မှု၊ ပြည်သူ့ဆေးရုံ ဆေးခန်းများ၌ အရည် အသွေးမီဆေးဝါးများ ပြတ်လပ်မှုမရှိရအောင် စီမံဆောင်ရွက်မှု၊ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ၌လည်း အရည်အသွေး စစ်မှန်ကောင်းမွန်သော ဆေးဝါးများ ပြည့်စုံလုံလောက်စွာ အရန်သင့် ထားရှိပေးမှု စသည်တို့က အလွန်အရေးကြီးသော အခန်းကဏ္ဍ၌ ရှိနေကြသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းတွင် ဆေးပညာရှင်များ၊ ဆေးဝါးကျွမ်းကျင်သူများက ရှေ့တန်း၌ ရှိနေကြသည့်တိုင် နောက်ခံအကြောင်းရင်းဖြစ်သော ခေတ်မီအစွမ်းထက် ဆေးဝါးများကို ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးပေးနိုင်မှုအပိုင်းတွင် အားနည်းချက်များ ရှိနေခဲ့လျှင်လည်း ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးစွမ်းနိုင်ကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ဆေးဝါးထုတ်လုပ်ရေး စက်ရုံကြီးများ၊ အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးဌာနများ၊ ဆေးဝါးကုန်ကြမ်း စိုက်ပျိုးထုတ်လုပ် သူနှင့် တင်သွင်းသူများ၊ ဆေးဝါးမျိုးစုံ တင်သွင်းသူများနှင့် အဆိုပါ တင်သွင်းမှုများအတွက် စိစစ်ကြပ်မတ် ခွင့်ပြုပေးနေသော ဌာနများ၊ အရည်အသွေးစစ်ဆေးသော ဌာနများ၊ ဆေးဝါး ကုန်ကြမ်းနှင့် ဆေးဝါးကုန်ချောများကို တာရှည် သိုလှောင် ထိန်းသိမ်းနိုင်သည့် ခေတ်မီဆေးဝါး သိုလှောင်ရုံကြီးများ စသည်တို့၏ တည်ရှိနေမှု၊ ထုတ်လုပ်နေမှု၊ အရည်အသွေး စစ်ဆေးကြပ်မတ်နေမှု၊ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့်များအတွက် စိစစ်ခွင့်ပြု ပေးနေမှုတို့ကလည်း အလွန်အရေးကြီးသော ကဏ္ဍ၌ ရှိနေကြသည်။
လူဦးရေ သန်း ၅၀ ကျော် ရှိနေသော မြန်မာနိုင်ငံ၏ နိုင်ငံသားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍတွင် တစ်ထောင့် တစ်နေရာမှ ပါဝင်နေသည့် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းလက်အောက်ရှိ ဆေးဝါး စက်ရုံ(အင်းစိန်) နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) တို့အနေဖြင့် အရည်အသွေး၏စံ (Standard of Quality) ဟု ဆိုရမည့် အမှတ်တံဆိပ် ဖြစ်သော BPI ၏ ကမ္ဘာသိ အစဉ်အလာကောင်းကို ထာဝစဉ် ထိန်းသိမ်းကာကွယ်ရင်း မြန်မာပြည်သူများအား ထိရောက်စွာ အကျိုးပြုသော ပြည်သူ့ဆေးဝါးထုတ်လုပ်ရေး စက်ရုံကြီးများအဖြစ် ပြည်သူ့အကျိုးနှင့် နိုင်ငံ့အကျိုးကို ဦးထိပ်ထား ကာ ရပ်တည်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ရင်း ဆေးဝါးစက်ရုံ(အင်ရောင်း)၏ သွေးကြောသွင်းဆေးရည် တိုးမြှင့်ထုတ်လုပ်ရေး စက်ရုံ အဆောက်အအုံသစ် ဖွင့်လှစ်ပွဲကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပေသည်။ ။