နေပြည်တော် မတ် ၁၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ မေတ္တာအေးရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွင်း လက်ခံစောင့်ရှောက်၍ ပညာသင်ကြားပေးလျက်ရှိသော ကလေးများအား ဂေဟာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်ခံဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ အိပ်ဆောင်များတွင် ကလေးများထားရှိမှု၊ အတန်းပညာ သင်ကြားပေးမှု၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အားကစားလှုပ်ရှား ဆောင်ရွက်နိုင်မှု၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များသည် လှည်းကူးခရိုင် တရားရုံးအချုပ်ခန်း၊ လှည်းကူးမြို့နယ် တရားရုံးအချုပ်ခန်းနှင့် လှည်းကူးမြို့မရဲစခန်းအချုပ်ခန်းတို့ကို သွားရောက်၍ ရီမန်ကာလ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှု နှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အချုပ်သား/အချုပ် သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မေးမြန်းမှတ်တမ်းတင်ခဲ့သည်။
အကြံပြုပေးပို့သွား
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


