နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်ရှိ ဒိုက်ဦးဗဟို အကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေ၊ ရောဂါအခြေအနေ အပေါ်မူတည်၍ ပြင်ပဆေးရုံများ သို့ တင်ပို့ကုသပေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေ မှုအခြေအနေနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာရရှိစေရန် ဆောင် ရွက်ပေးနေမှုအခြေအနေ၊ မိသားစု နှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေ အနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံး အဆောင်ပစ္စည်းများ ရရှိမှုအခြေ အနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ် ခွင့်အခြေအနေ၊ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားနေမှု အခြေအနေ၊ အကျဉ်းသား အကျဉ်းသူများအား အကျဉ်း ထောင် ဝန်ထမ်းများကသော် လည်းကောင်း၊ အကျဉ်းသား အချင်းချင်းသော် လည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ၊ ထောင်ဝင်စာ လာရောက်တွေ့ဆုံသည့် အကျဉ်းသားမိသားစုဝင်တို့ကို ထောင်ဝင်စာအခက်အခဲရှိ/မရှိ၊ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှုရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား အကျဉ်းသူ ၃၁ ဦးကို တစ်ဦးချင်း လက်ခံတွေ့ဆုံကာ တင်ပြချက်များကို မှတ်တမ်းတင်သည်။
ပေးအပ်လှူဒါန်း
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံ ဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ၊ ချိုးရေကန်များနှင့် အတွင်း အပြင် မိလ္လာများ သန့်ရှင်းမှုရှိ၊ မရှိနှင့် ထောင်ဝင်စာ တွေ့ဆုံသည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ယခင်စစ်ဆေးစဉ်က တွေ့ရှိချက်အပေါ် အကြံပြုချက် များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ အကျဉ်းသားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗဟုသုတရဖွယ်စာအုပ်စာပေ အုပ်ရေ ၁၀၀ ကို ပေးအပ်လှူဒါန်းသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံမှ သိရသည်။
သတင်းစဉ်


