ရန်ကုန် ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအကြောင်း သိကောင်းစရာ ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပ သည်။
အသိပညာပေးရေးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကား ပြောကြားရာတွင် အသိပညာမျှဝေခြင်း အစီအစဉ် Knowledge Sharing ပြုလုပ်ခြင်းသည် ဌာနလုပ်ငန်းအသီးသီး၏ လုပ်ငန်းစွမ်းဆောင်မှုများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန်၊ ပိုမိုဆန်းသစ် ဆောင်ရွက်နိုင်ရန်၊ ပိုမိုချောမွေ့အောင်မြင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ဖတ်မှတ် လေ့လာသည်ထက် Knowledge Sharing တွင် ပါဝင်တက်ရောက်ခြင်းသည် အချိန်တိုအတွင်း သိမှတ်ဖွယ်ရာများ၊ ဆောင်ရန်/ ရှောင်ရန်များ၊ တန်းဖိုးရှိသည့် အတွေ့အကြုံများ၊ သင်ခန်းစာများကို အသင့်သိရှိသွားနိုင်မည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများအတွက် များစွာအကျိုးရှိ စေမည်ဖြစ်၍ သေချာစွာ လိုက်နာမှတ်သားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးက “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း၊ တိုင်တန်းချက်များ လက်ခံဆောင်ရွက်ခြင်း၊ အကြံပြု တိုက်တွန်းချက်များ ပေးပို့ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခြင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ရာတွင် လိုက်နာရမည့်အချက်များ စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြသည်။
ဆွေးနွေးပွဲကို Hybrid System ဖြင့် ကျင်းပခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးချုပ်နှင့် ရုံးခွဲများမှ အရာထမ်း/အမှုထမ်းများ စုစုပေါင်း (၇၄) ဦး တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်