နေပြည်တော် နိုဝင်ဘာ ၄ 

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geo Database ဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီး ဌာနရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအမှူးများ၊ တပ်မတော်သတင်းအချက်အလက်နှင့် နည်းပညာသုတေသနဌာနမှတာဝန်ရှိသူများ၊ တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနည်းပညာဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်အား မြေအသုံး မှုနှင့် ဆက်စပ်သည့် ဌာန/လုပ်ငန်းများ၏ မြေပြင်ဆိုင်ရာ သတင်းအချက်အလက် ကိန်းဂဏန်းများ ကောက်ယူစုစည်း၍ ပွင့်လင်းမြင်သာသော မြေအသုံးချ စီမံအုပ်ချုပ်မှုနှင့် ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန်၊ တိကျသော သတင်းအချက်အလက်များ စနစ်တကျသိမ်းဆည်းခြင်းနှင့် မြေပုံထုတ်လုပ်ခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများက မြေပြင်သတင်းအချက်အလက်များကို တစ်နေရာ တည်းတွင် စုစည်း၍ Geo Database တည်ဆောက်ရာတွင် “စံ” ပုံစံကိုက်ညီမှုရှိစေရန် ယခုသင်တန်း အား ပို့ချရခြင်းဖြစ်ကြောင်း၊ One Map Myanmar Geoportal Platform အား ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနများမှ ထပ်မံပေးပို့သည့် နောက်ဆုံးရ အချက်အလက်များကိုလည်း ဆက်လက်ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်နမိတ်တိုင်းတာရေး ကိရိယာများပြသထားမှု ပြခန်းနှင့် သင်တန်းသားများအား Geo Database ထည့်သွင်းခြင်း လက်တွေ့သင်ကြားပို့ချမည့် ပထဝီဝင် ဆိုင်ရာသတင်းအချက်အလက်စနစ် - GIS အခန်းတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးသည်။ 

သင်တန်းတွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့ (၅၁) ဌာနမှ သင်တန်းသား ၈၆ ဦးကို အမျိုးသားမြေပုံစနစ်တွင်အသုံးပြုမည့် GIS နည်းပညာနှင့် ပတ်သက်သည့် အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ မှန်/မမှန်စစ်ဆေးခြင်း၊ “စံ” ပုံစံများ၊  Webpage၊ Dashboard နှင့် User Interface တည်ဆောက်ခြင်းများကို သင်တန်းကာလ ရက်သတ္တပတ်နှစ်ပတ်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်