မြန်မာနိုင်ငံအနေနဲ့ COVID-19 ရောဂါဖြစ်ပွားမှု အနည်းဆုံးအချိန်မှာ တစ်အိမ်ချင်းရဲ့ ရောဂါသတင်းပို့ကာကွယ်ရေးလုပ်ငန်းဟာ ရောဂါကူးစက်မှုကို အလျင်အမြန်ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော ထိရောက်တဲ့နည်းဗျူဟာဖြစ်ပါတယ်

ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါသည် နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်ပြန့်ပွားလျက်ရှိရာ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ရောဂါမပြန့်ပွားစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဌာနပေါင်းစုံတို့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရောဂါဖြစ်ပွားသည့်နိုင်ငံများမှ ပြန်လာသူများထဲမှ ကနဦး COVID-19 ရောဂါဖြစ်ပွားမှုကို စတင်တွေ့ရှိနေရပြီဖြစ်၍ ပြည်တွင်း၌ ရောဂါပြန့်ပွားမှုကို လျင်မြန်စွာထိန်းချုပ်နိုင်ရန်အတွက် အိမ်တစ်အိမ်ချင်း၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း (Household Action Plan)နှင့်ပတ်သက်၍ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း (အကြံပေးပညာရှင်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

 

မေး။ ။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်နိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ ရောဂါစဖြစ်ဖြစ်ချင်းမှာ ရောဂါစတင်ကူးစက်တဲ့ နိုင်ငံတစ်နိုင်ငံတည်းဖြစ်တဲ့အတွက် အဲဒီအချိန်မှာ အခြားနိုင်ငံကို ကူးစက်နိုင်ခြေ(Disease Transmission Risk) အနည်းဆုံးဖြစ်ပြီး အခုအခါ COVID-19 ရောဂါဟာ နိုင်ငံပေါင်း ၁၉၀ ကျော်ကို ကူးစက်နေပြီဖြစ်တဲ့အတွက် ကြောင့် မြန်မာနိုင်ငံကို ဒီရောဂါကူးစက်နိုင်မှု အခြေအနေ (Transmission Risk by importation) မြင့်မားတဲ့ အခြေ အနေဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

ကာကွယ်ထိန်းချုပ်နိုင်မယ့် နည်းဗျူဟာ

ဒီလိုရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့အချိန်မှာ ရောဂါ အတည်ပြုဖြစ်ပွားသူ (Confirmed Case)တစ်ဦးတွေ့တာနဲ့ လူနာဆီကနေ အတူနေထိတွေ့ခဲ့သူများ၊ မိသားစုဝင်များကို ပိုမိုလျင်မြန်စွာ ကူးစက်နိုင်တာကြောင့် ဒီရောဂါအခြားသူ များထံ ကူးစက်မှုကို လျင်မြန်စွာ ထိန်းချုပ်နိုင်ဖို့အတွက် ရောဂါဖြစ်ပွားသူကို ထိန်းချုပ်ကုသခြင်းနဲ့ ရောဂါကူးစက် ပြန့်ပွားမှုကို လျင်မြန်စွာ ကာကွယ်ထိန်းချုပ်ခြင်း နည်းဗျူဟာ (Containment at Source Strategy)ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနည်းဗျူဟာကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အိမ်တစ်အိမ်ချင်းရဲ့ ရောဂါ သတင်းပို့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဟာ ရောဂါကူးစက် မှုကို အလျင်အမြန် ကာကွယ်ထိန်းချုပ်နိုင်မယ့် တစ်ခုတည်း သော နည်းဗျူဟာပဲ ဖြစ်ပါတယ်။

 

မေး။ ။ အိမ်တစ်အိမ်ချင်း၊ တစ်မိသားစုချင်း လိုက်နာဆောင်ရွက်ရမယ့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို ပြည်သူတွေ လိုက်နာဆောင်ရွက်နိုင်ဖို့အတွက် ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ အိမ်တွေရဲ့ မိသားစုဝင်အခြေအနေပေါ်မူတည်ပြီး တော့ ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေကို ကြည့်ပြီး ဆောင်ရွက်ရပါမယ်။ ပထမဦးစွာ အိမ်မှာရှိတဲ့ မိသားစုဝင် တိုင်းကို ဒီရောဂါနဲ့ပတ်သက်ပြီး ရောဂါအကြောင်း၊ ကူးစက် ပုံနဲ့ကာကွယ်ရေးနည်းလမ်းတွေကို အားလုံးသိရှိအောင် ပြောပြထားရပါမယ်။ ဒါမှသာလျှင်သူတို့ ဘယ်လိုလိုက်နာ နေထိုင်ဆောင်ရွက်ရမယ်ဆိုတာကို နားလည်ကြမှာ ဖြစ်ပါ တယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် အိမ်တွေကို အုပ်စု(၂)စုခွဲ ပြီး အုပ်စုအလိုက်ဆောင်ရွက်ရမှာကို ရှင်းပြပါ့မယ်။

 

ဆက်သွယ်ဆောင်ရွက်ဖို့လို

ပထမအိမ်အုပ်စုမှာ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေက ပြန်လာသူတွေရှိတဲ့ မိသားစု၊ ရောဂါဖြစ်ပွားခဲ့တဲ့သူနဲ့ ရောဂါ ဖြစ်ပွားသူပါဝင်တဲ့ မိသားစု၊ ရောဂါဖြစ်နိုင်ခြေ သံသယလူနာ အဖြစ် သတ်မှတ်ခံရတဲ့မိသားစုနဲ့ သီးခြားထားရှိ စောင့်ကြပ်ခြင်းမှာပါဝင်တဲ့ မိသားစု၊ ဒီရောဂါကာကွယ် ကုသရေးလုပ်ငန်းတွေကို အနီးကပ်ဆောင်ရွက်ပေးနေတဲ့သူတွေပါတဲ့ မိသားစုများပဲဖြစ်ပါတယ်။ ဒီလိုမိသားစုတွေမှာ ရောဂါဖြစ်ပွားကူးစက်နိုင်ခြေ ပိုမိုမြင့်မားတဲ့အတွက် ဒီအိမ် တွေမှာရှိတဲ့ မိသားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အရေးကြီးပါတယ်။ ဒီအုပ်စုတွေက ကျန်းမာရေးဌာနကို သတင်းပို့ပြီး ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ နေ့စဉ်ဆက်သွယ်ဆောင် ရွက်ဖို့ လိုအပ်ပါတယ်။

ဒုတိယအုပ်စုကတော့ အိမ်တစ်အိမ်မှာ အသက် ၆၀ အထက် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေရှိတဲ့ မိသားစု၊ အိမ်မှာနှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါနဲ့ ကင်ဆာရောဂါရှိတဲ့လူတွေပါဝင်တဲ့ မိသားစု၊ ဒီအိမ် တွေမှာရှိတဲ့ မိသားစုတွေဟာ ရောဂါကူးစက်ခံရပြီဆိုရင် ရောဂါပြင်းထန်ပြီး အသက်အန္တရာယ်ရှိတဲ့အတွက် ရောဂါ သံသယရှိတာနဲ့ စောစီးစွာ ကျန်းမာရေးဌာနကို လျင်မြန်စွာ သတင်းပို့ဆက်သွယ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုကို ခံယူရမှာဖြစ်ပါတယ်။ ခြုံပြောရရင် ဘယ်လို အိမ်ပဲဖြစ်ဖြစ် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ် ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တဲ့အိမ်များ ဖြစ်ပါတယ်။

 

အရေးကြီးတဲ့ အခန်းကဏ္ဍ

တစ်အိမ်ချင်း၊ မိသားစုတစ်စုချင်းရဲ့ COVID-19 နဲ့ ပတ်သက်ပြီးတော့ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းမှာ ပူးပေါင်း ဆောင်ရွက်မှုများလေလေ အချိန်တိုအတွင်းမှာ ရောဂါထိန်း ချုပ်နိုင်မှုများလေဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်ပြီး အမြင့်ဆုံး အဆင့် ပြင်ဆင်ထားနိုင်မှုရှိတဲ့ နိုင်ငံမှသာလျှင် ဒီရောဂါ COVID-19 ရဲ့ နောက်ဆက်တွဲ ရောဂါဆိုးတွေဖြစ်တဲ့ ရောဂါ ဖြစ်ပွားမှု၊ အသက်ဆုံးရှုံးမှု၊ စီးပွာရေးနဲ့လူမှုရေးဆုံးရှုံးမှု အနည်းဆုံးဖြစ်တာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားမှုတွေရှိလာပြီဖြစ်တဲ့အတွက် တစ်အိမ်ချင်း၊ မိသားစုတစ်စုချင်း၊ တစ်ယောက်ချင်း ပူးပေါင်းပါဝင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဍကို ရောက်ရှိနေပါပြီ။

 

မေး။ ။ အိမ်တစ်အိမ်ချင်းမှာရှိတဲ့ မိသားစုတွေအတွက် အထူးလိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ ။ အိမ်တစ်အိမ်ချင်း၊ တစ်မိသားစုချင်း လိုက်နာဆောင်ရွက်ပြီး ပါဝင်ပူးပေါင်းခြင်းသည် ရောဂါ ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာအချက်တွေကို အိမ်တိုင်းမှာ ပြင်ဆင်ထားမယ်ဆိုရင် အိမ်မှာ ကိုယ့်မိသားစုဝင်ဘယ်နှ ယောက်ရှိသလဲ၊ အဲဒီမိသားစုဝင်တွေထဲမှာမှ ဒီရောဂါ ကူးစက်လာရင် အသက်အန္တရာယ်ဖြစ်နိုင်တဲ့ သက်ကြီး ရွယ်အို၊ အထူးသဖြင့် အသက် ၆၀ အထက် ဘယ်နှယောက် ရှိသလဲ၊ မိသားစုထဲမှာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းရောဂါ၊ ကင်ဆာရောဂါရှိတဲ့သူတွေ စသဖြင့် ဒီလိုလူတွေက ဘယ်နှယောက် ပါနေသလဲ၊ ဒီလိုဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ မိသားစုဝင်တွေအတွက် ပိုပြီးတော့ ရောဂါ ကူးစက်မှုမရှိအောင်ဆောင်ရွက်ဖို့ ဦးစားပေးအနေနဲ့ စဉ်းစား ဖို့လိုပါတယ်။

ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေအိမ်တိုင်းအိမ်တိုင်းကလည်းပဲ ဒီလိုကူးစက်မှုပိုမိုဖြစ် နိုင်တဲ့အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေမပါပေမယ့်လည်း မကူးစက် ဖို့အတွက် စီစဉ်ရပါမယ်။ စီစဉ်တဲ့အခါမှာ ဒီလိုသက်ကြီး ရွယ်အိုတွေ၊ ကူးစက်နိုင်ခြေရှိတဲ့သူတွေနဲ့ ရောဂါအခံရှိပြီး သားမိသားစုတွေမှာပိုပြီးတော့ ရောဂါကူးစက်မှုမရှိအောင် ကျန်တဲ့မိသားစုဝင်တွေက အထူးစဉ်းစားပြီးတော့ ဆောင် ရွက်ပေးရမှာ ဖြစ်ပါတယ်။ အိမ်က မိသားစုဝင်တွေကလည်း အားလုံးစုစည်းပြီး COVID-19 ရောဂါအကြောင်းနဲ့ ကူးစက် ပုံ၊ ကူးစက်နည်း၊ ရောဂါဖြစ်ရင် ဘယ်လိုအုပ်စုတွေက အန္တရာယ်ရှိကြောင်း၊ ရောဂါကာကွယ်ရေးအတွက် နေ့စဉ် လုပ်ရမယ့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေဖြစ်တဲ့ လက်ဆေးတာတို့၊ နှာချေ၊ ချောင်းဆိုးရင် တစ်ရှူး သို့မဟုတ် နှာခေါင်းစည်းသေချာအုပ်ပြီး ဆိုးတာတို့ နေမကောင်းရင် သီးခြားအိမ်မှာ နေတာတို့၊ အိမ်မှာထိတွေ့ကိုင်တွယ်မှုများတဲ့နေရာတွေကို ဆပ်ပြာရည်နဲ့ ဆေးကြောတာတို့၊ မလို အပ်ဘဲ အိမ်အပြင်ခဏခဏ မသွားတာတို့၊ လူစုလူဝေးနဲ့ မနေဖို့ဆိုတာတွေ သေချာရှင်းပြထားဖို့လိုအပ်ပါတယ်။

 

မေး။ ။ အိမ်တွေမှာ သက်ကြီးရွယ်အိုတွေရှိရင် ဘယ်လို ပြုမူနေထိုင်ရမလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။ ။ ကူးစက်မှု အမြင့်ဆုံးအုပ်စုတွေရှိတဲ့ မိသားစုဝင် တွေအတွက် ပြောရမယ်ဆိုရင် သက်ကြီးရွယ်အို နဲ့ နာတာရှည်ရောဂါရှိတဲ့သူတွေရှိတဲ့အိမ်တွေမှာ ဖြစ်လို့ ရှိရင် ရောဂါကူးစက်မှုတင်သာမက အဲဒီအိမ်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း ကိုယ့်ရဲ့ရပ်ကွက်၊ ကိုယ့် မြို့နယ်ကတစ်ဆင့် လူထုထဲကို ပျံ့နှံ့နိုင်တဲ့အတွက်ကြောင့် တစ်အိမ်ချင်းရောဂါဖြစ်ပွားမှုမရှိအောင် ဆောင်ရွက်ရမယ့် တာဝန်က အရေးကြီးပါတယ်။ ရပ်ကွက်၊ ကျေးရွာအလိုက် ကျန်းမာရေးဌာနကို နေ့စဉ်သတင်းပေးပို့ခြင်း အရေးတကြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီရောဂါဖြစ်နိုင်ခြေ အများဆုံး ရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါ ရှိတဲ့သူတွေကို အထူးသဖြင့် အပြင်ကိုထွက်ပြီး အလုပ်လုပ်နေတဲ့သူတွေနဲ့ တတ်နိုင်သလောက် ထိတွေ့မှုနည်းအောင် စီစဉ်ဆောင်ရွက် ရမယ်။ ဒီသက်ကြီးရွယ်အိုနဲ့ ရောဂါရှိတဲ့သူတွေကိုပြုစုတဲ့ လူတွေကလည်း သီးခြားသတ်မှတ်ထားရမှာဖြစ်ပါတယ်။ ဒီအိမ်မှာ ဒီတစ်ယောက်ပဲပြုစုတာမျိုး၊ တကယ်လို့ မိသားစု ဝင်အားလုံးက ပြုစုမယ်ဆိုရင်လည်း သက်ကြီးရွယ်အို၊ မိဘ တွေ၊ အဘိုးအဘွားတွေနဲ့ ရောဂါရှိတဲ့သူတွေကို ပြုစုတဲ့ အခါမှာ မိမိကဖျားနာနေတယ်ဆိုရင် မပြုစုသင့်ဘူး။ တတ်နိုင်သလောက် သူတို့သုံးတဲ့ပစ္စည်းတွေကို ခွဲထားပေး ရမယ်။ တကယ်လို့ ကိုယ်ကသုံးမိရင်လည်း သေသေချာချာ ဆပ်ပြာနဲ့ ဆေးပေးခဲ့ရမယ်။ သက်ကြီးရွယ်အိုတွေကို ရောဂါ ကူးနိုင်မှုမရှိအောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

မိသားစုထဲမှာ ပြင်ပကို အလုပ်ထွက်လုပ်တဲ့သူတွေ က ဘယ်နှယောက်ရှိသလဲ၊ ဒီလူတွေကလည်းပဲ ဒီရောဂါနဲ့ ပတ်သက်ပြီး စနစ်တကျနားလည်ရမယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေဖြစ်တဲ့ လူထူ ထပ်တဲ့နေရာ မသွားဖို့၊ ရောဂါရှိတဲ့လူတွေနဲ့ အနီးကပ်မနေဖို့ နေခဲ့လို့ရှိရင်လည်းပဲ တတ်နိုင်သမျှ သက်ကြီးရွယ်အိုတွေနဲ့ မထိတွေ့တာ အကောင်းဆုံးပါ။

 

လက်ကိုစနစ်တကျ ဆပ်ပြာနဲ့ဆေး

အပြင်ကပြန်လာရင် လက်ကိုစနစ်တကျ ဆပ်ပြာနဲ့ ဆေးရမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်ရမယ်။ သီးခြား နေရမယ်။ ဒီလူတွေဟာ ပြင်ပကရောဂါပိုး အိမ်ထဲကိုသယ် ပေးမယ့်လူတွေဖြစ်တဲ့အတွက် ပိုပြီးတော့ဂရုစိုက်ရမယ်။ တခြားသူတွေကလည်း တတ်နိုင်သလောက် အိမ်မှာပဲနေ ရမယ်။ မလိုအပ်ဘဲ သူများအိမ်သွားလည်တာတို့၊ ပွဲလမ်း သဘင်သွားတာတို့ မလုပ်ရဘူး၊ ပြင်ပဧည့်သည်တွေလည်းပဲ မလိုအပ်ဘဲ အိမ်လာတာကို ဒီအချိန်မှာ လက်မခံသင့်ဘူး၊ တစ်နည်းနည်းနဲ့ ယဉ်ကျေးစွာ တားမြစ်ဖို့လိုတယ်။ တကယ် လို့ အမှတ်မထင်လာခဲ့မယ်ဆိုရင် ဒီလာတဲ့ဧည့်သည်တွေနဲ့ အနည်းဆုံး ၆ ပေလောက်အကွာမှာထားပြီး ပြောဆိုဆက်ဆံ ပါ။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးနေတာ တွေ့တယ်ဆိုရင် ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်ဖို့ အတွက် အကြံဉာဏ်ပေးရမှာဖြစ်ပါတယ်။ မိသားစုဝင်ထဲ က တစ်ယောက်ယောက်ဖြစ်တယ်ဆိုရင်လည်း ကျန်းမာရေး ဌာနကို ချက်ချင်းဆက်သွယ်ရမှာဖြစ်ပါတယ်။

 

မေး။ ။ ထပ်မံဖြည့်စွက် ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။ အခုလို ရောဂါဖြစ်ပွားမှု အနည်းဆုံးအခြေအနေမှာ မိသားစုတစ်ခုလုံး တစ်ယောက်ချင်းစီတိုင်းမှာ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းတွေ နေ့စဉ်လုပ်သင့် တယ်၊ မိသားစုကို ရောဂါကူးစက်မှုမရှိအောင်၊ ကိုယ့်ပတ်ဝန်း ကျင်ကို ရောဂါမကူးစက်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လက်ဆေးတဲ့ အကျင့်၊ ဆပ်ပြာနဲ့ စက္ကန့်နှစ်ဆယ်လောက် လက်ဆေးတဲ့အကျင့် လုပ်ရမယ်။ မလိုအပ်ဘဲ မျက်စိတို့၊ နှာခေါင်းတို့၊ မျက်နှာတို့ ထိတွေ့မိရင် ပြန်ဆေးရမယ်။ လက်ဆေးဖို့အတွက် အကောင်းဆုံးက အရက်ပြန် ၆ဝ ရာခိုင်နှုန်းအထက်ပါတဲ့ လက်ဆေးရည်ကိုသုံးရင် ပိုပြီး အဆင်ပြေပါတယ်။ နေမကောင်းတဲ့သူတွေနဲ့ ထိတွေ့မှုကို ရှောင်ကြဉ်ရမယ်။ အိမ်ပြန်ရောက်ရင် လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးတာ၊ အဝတ်အစားတွေ ချက်ချင်းလဲ တာတို့လုပ်ရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရောဂါ ဖြစ်မဖြစ် စောင့်ကြည့်တာတို့လုပ်ရမယ်။ ကိုယ်ကိုယ်တိုင် ကဖျားပြီဆိုရင်လည်း အိမ်မှာပဲနေတာ ကောင်းပါတယ်။ မိမိတို့အိမ်ကိုလာရောက်တဲ့ ဧည့်သည်တွေရဲ့ အမည်စာရင်း ကအစ မှတ်ထားသင့်တယ်၊ အပြင်မှာ သီးခြားတွေ့တဲ့သူတွေ ရဲ့စာရင်းဆိုလည်း သီးခြားမှတ်တမ်းတင်ထားသင့်တယ်။

မြန်မာနိုင်ငံအနေနဲ့ အခုလို COVID -19 ရောဂါဖြစ်ပွား မှုအနည်းဆုံးအချိန်မှာ တစ်အိမ်ချင်းရဲ့ ရောဂါသတင်းပို့ ကာကွယ်ရေးလုပ်ငန်း(Household Action Plan)ဟာ ရောဂါဖြစ်ပွားကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်မယ့် တစ်ခုတည်းသော ထိရောက်တဲ့နည်းဗျူဟာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်၊ ထုတ်ပြန်ချက်တွေကို အိမ်တိုင်းက တိကျစွာလိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာကျေးဇူးပါရှင့်။

တွေ့ဆုံမေးမြန်း - သီသီမင်း

ဓာတ်ပုံ - နေလင်း