ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက မြန်မာ နိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီ၊ ယခင် မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ မာဇူကီ ဒါရူစမန်တို့ နှင့် သီးခြားစီပြုလုပ်သည့် အပြန်အလှန်ဆွေးနွေးမှုများတွင် ၎င်းတို့၏ ဆွေးနွေးမှုများအပေါ် တုံ့ပြန်မိန့်ခွန်းများ ပြောကြားခဲ့သည်။
(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) ၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဘာသာရပ်ဆိုင်ရာ အစည်းအဝေးများကို ၂၂-၁၀-၂၀၁၉ ရက်နေ့တွင် ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ ယင်းအစည်း အဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူတို့က ဆွေးနွေးမှုများကို အသီးသီးပြု လုပ်ခဲ့ကြပါသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က မစ္စယန်ဟီလီ၏ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ အပ်နှင်းထားသည့် လွတ်လပ်သည့် လုပ်ပိုင်ခွင့်တာဝန်ရှိ သူများနှင့် ယန္တရားများအနေဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လွတ်လပ်မှု၊ သမာသမတ် ကျမှုနှင့် ပညာရှင်ဆန်သည့်ဂုဏ်သိက္ခာရှိမှုတို့ကို မြဲမြံစွာကျင့်ကြံရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ကာကွယ်မြင့်တင်ရေးဆိုသည့် မြင့်မြတ်သည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် စံနှုန်း နှစ်ခုကျင့်သုံးခြင်း၊ နိုင်ငံရေးအရခုတုံးလုပ်ခြင်းနှင့် နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထား ရွေးချယ်ထိုးနှက်ခြင်း စသည့် အလေ့အကျင့်များက မည်သို့မျှ အထောက်အကူပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် နှစ်ပေါင်းသုံးဆယ်ကျော် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထားသည့် အဆိုဆုံးဖြတ်ချက်များ၊ မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများမှ သွေဖည်ပြီး သမာသမတ်မကျသည့် လုပ်ဆောင်မှုများဖြင့် နိုင်ငံရေး အရ ဖိအားပေးအသုံးချရန် ရည်ရွယ်ထားသည့် ယန္တရားများသာ တိုးပွားလာနေကြောင်း ဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် သူမ၏ တာဝန် ထမ်းဆောင်သည့်ကာလတစ်လျှောက်အတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပြောကြားချက်များသည် သမာသမတ်မကျ၊ ဓမ္မဓိဌာန်မကျဘဲ မြန်မာပြည်သူများ၏ ခံစားချက်နှင့် စိတ်ရင်းမှန်များကို အမြဲ လျစ် လျူရှုလျက်ရှိကြောင်း၊ ယင်းလုပ်ရပ်များကြောင့် အသိုက်အဝန်းအမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် မြန်မာ နိုင်ငံအတွင်း အချင်းချင်းသဘောထားကွဲပြားမှု၊ ယုံကြည်မှုကင်းမဲ့လာမှုတို့ကို ဖြစ်ပေါ်စေခဲ့သည့်အတွက် မိမိတို့အနေဖြင့်သူမ၏ လုပ်ရပ်များအပေါ် အထူးစိုးရိမ်မိကြောင်း ၊ မစ္စယန်ဟီလီ၏ အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများသည် ဆက်လက်ပြီး ဆိုးရွားဆုတ်ယုတ် လျက်ရှိသည်ဆိုသည့် ခြုံငုံသုံးသပ်ချက်နှင့်ပတ်သက်ပြီး များစွာ စိတ်ပျက်မိကြောင်း ဖြင့် ပြောကြားခဲ့ သည်။
ထို့နောက် အမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်၊ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ စသည့် တိုးတက်မှုများအား အစည်းအဝေးသို့ ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာဒါရုစမန်၏ ပြောကြားချက်များ နှင့် ပတ်သက်ပြီး တုန့်ပြန်ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် ယင်းအချက် အလက်ရှာဖွေရေး အဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ ထို့အတူ အချက်အလက်ရှာဖွေရေးအဖွဲ့ သက်တမ်းကုန်ဆုံးသည့်နောက် ဆက်လက်တာဝန်ယူဆောင်ရွက်မည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးယန္တရားဆိုသည့် Independent Investigative Mechanism (IIM) ကိုလည်း လက်မခံကန့်ကွက်ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး ယန္တရားဆိုသည်မှာ ခွဲခြားဆက်ဆံမှုအလေ့ကို အခြေခံလျက် နိုင်ငံတစ်နိုင်ငံအား စိစစ်စုံစမ်းမှု ပြုလုပ်ရန် အတွက် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့၏ လုပ်ထုံးလုပ်နည်းများမှ သွေ ဖည်ပြီး လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသာဖြစ်ကြောင်းဖြင့် ပြောကြားသွားသည်။
ထို့ပြင် အမြဲတမ်းကိုယ်စားလှယ်က အချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများသည် ဇာတ်ကြောင်းပြန်ဆိုပြောကြားမှုများအပေါ် အခြေခံထားကြောင်း၊ အထောက်အထားမဲ့ ရေးသားထားပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့များကို ရာဇဝတ်မှုကျူးလွန် သူများအဖြစ် ပုံဖော်ထားသော်လည်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လများတွင် ဖြစ်ပေါ်ခဲ့သည့် ARSA မှ လုံခြုံရေးကင်းစခန်းများ အား ဝင်ရောက်တိုက်ခိုက်မှုများနှင့် ယင်းတို့၏အကျိုး ဆက်များအဖြစ် ယခုကြုံတွေ့နေရသည့် လူသား ချင်းစာနာမှုဆိုင်ရာအခြေအနေများဖြစ်ပေါ်လာရခြင်းကို ထည့်သွင်းပြောကြားခြင်း မရှိဘဲ ရည်ရွယ်ချက် ရှိရှိ လျစ်လျူရှုထားခဲ့ကြောင်း၊ သက်သေအထောက်အထား အထင်အရှားရှိသည့် ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ရခိုင်တိုင်းရင်းသားများ သတ်ဖြတ်ခြင်းခံရမှုများကို တစ်ကြိမ်တစ်ခါမျှပင် ရှုတ်ချပြောဆိုမှုမျိုးမရှိခဲ့ကြောင်း ဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားဘက်ခြမ်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေး အခြေအနေများနှင့် ပတ်သက်ပြီး ARSA အနေဖြင့် စခန်းများအတွင်း ခြိမ်းခြောက်မှုများ ပြုလုပ်နေမှုများ ကို အမြန်ဆုံးအရေးယူဆောင်ရွက်သွားရန် အရေးကြီးကြောင်းကိုလည်း ထောက်ပြပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများအား အလေးအနက်ထားလျက် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း၊ သို့ရာတွင် ရခိုင်ဒေသ အရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တစ်ဖက်သတ် ဆောင်ရွက်နေသည်ဟု ပြည်သူများအကြား ခံစားမှုများ ပိုမိုကြီးထွားလာနေကြောင်း၊ သို့သော်လည်း ယခု ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား တန်ပြန်ရင်ဆိုင်ရာတွင် မိမိတို့နှင့်အတူ ရပ်တည်ပေးနေသည့် ရပ်နီးရပ်ဝေးရှိ မိတ်ဆွေကောင်းများအား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ရင်ဆိုင်နေရသည့် အခက် အခဲများကို မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ၏ အင်အားနှင့် ညီညွှတ်မှုကို အခြေခံပြီး ဖြေရှင်းကျော်လွှားသွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း ဖြင့် ပြောကြားခဲသည်။
(သတင်းစဉ်)


