နေပြည်တော် ၁၉ ဇန်နဝါရီ 


မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း Function Hall ၌ ကျင်းပသည်။

 

mdn


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေအချိန်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ နိုင်ငံတော်က အားထားရသော အသင်းကြီး တစ်သင်းအဖြစ် ရပ်တည်နေသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။


မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကို စတင်တည်ထောင်သည့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှစပြီး ယခုအချိန်ထိ ဗဟိုကော်မတီ အဆက်ဆက်၏ ကိုယ်ကျိုးမဖက်၊ စည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုကြောင့် ယနေ့အချိန်တွင် အောင်မြင်မှုများ ရရှိနေပြီး အဆိုပါ ရလာဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။


ယနေ့ကျင်းပသည့် အသင်းသားစုံညီ ညီလာခံတွင်  လက်ရှိဗဟိုကော်မတီနှင့် အသစ်ရွေးချယ်တင်မြှောက်ခံရမည့် ဗဟိုကော်မတီဝင်အသစ်များအနေဖြင့် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်း၍ စိတ်ခွန်အားသစ်များဖြင့် နိုင်ငံတော်၏ ကောင်းကျိုး၊ အသင်း၏ ကောင်းကျိုးများကို ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ ဆောင်ရွက်ချက်များနှင့် အသင်းကြီး၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာကော်မတီ၏ "Process & Product Show 2019" ရှိ ပြခန်းများကို ကြည့်ရှု့အားပေးသည်။


မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသည် ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အသင်းခွဲပေါင်း ၂၃ ခုအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အသင်းဝင်ကုမ္ပဏီ ၃၂၁ ခုနှင့် အသင်းဝင်ပေါင်း ၆၃၃၅၇ ရှိကြောင်း သိရသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ အမှတ် - ၆၀၄/၆၀၈ ကုန်သည်လမ်းနှင့် (၃၂)လမ်းထောင့်၌ အဆောက်အဦ အထူးအဖွဲ့ (၂)မှ အမျိုးသားစာကြည့်တိုက် အကြီးစားပြုပြင်ခြင်းလုပ်ငန်းခွင်၌ Third Floor နှင့် Second Floor တို့တွင် Dry Wall ကာရံ ထားရှိခြင်း၊ Moisture Wall  တပ်ခြင်ခြင်း၊ Fire Wall တပ်ဆင်ခြင်းနှင့်  Ceiling  Frame Work  ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အကြီးစားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့ပြ၊ ရေသန့်၊ လျှပ်စစ်နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆောင်ရွက် ပြီးစီးမှုများကို လိုက်လံရှင်းလင်းပြသကြသည်။


တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး (၄)ထပ်ဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်းပြသကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ပိုမိုကောင်းမွန်ခိုင်ခံ့ရန်နှင့် လုပ်ငန်းမှတ်တမ်းများ စနစ်တကျထားရှိရန်တို့ကို မှာကြားသည်။ 


(သတင်းစဉ်)