နေပြည်တော် အောက်တိုဘာ ၂၅
    
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နာယကကြီးများနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နာယကများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်သည်။
    
တွေ့ဆုံပွဲတွင်  ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်တွင် ပြဋ္ဌာန်းသည့် ဥပဒေအမှတ် (၄၀/၂၀၂၂) ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ နာယက အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကောင်စီဝင် (၅၇)ဦးကို ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ နာယကအဖွဲ့ဝင် (၇)ဦးမှ အငြိမ်းစား ပညာရှင်၊ ဌာနဆိုင်ရာ၊ ပြင်ပပညာရှင်နှင့် သက်ဆိုင်ရာ အစုအဖွဲ့ ကိုယ်စားလှယ်များအလိုက် သတ်မှတ်ထားသော ကောင်စီဝင်လောင်းများကို သေချာစွာ စိစစ်ပြီး ပွင့်လင်းမြင်သာစွာ ဆန္ဒမဲဖြင့် ဆန္ဒပြုရွေးချယ်ပေးခဲ့ကြောင်း၊ နာယက အဖွဲ့က ရွေးချယ်ခဲ့သည့် ကောင်စီဝင် များသည် တတိယအကြိမ် ကောင်စီဝင်များအဖြစ် ၂၀၂၂ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကတိသစ္စာပြုပြီး ဒုတိယအကြိမ် အင်ဂျင်နီယာ ကောင်စီမှ ကောင်စီ၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းယူခဲ့ကြခြင်းဖြစ်ပါကြောင်း၊ တတိယ အကြိမ် ကောင်စီမှ ကောင်စီဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ ကောင်စီဝင် များသည် လုပ်ငန်းတာဝန် လွှဲပြောင်းရယူခဲ့သည့် နေ့မှစပြီး ယနေ့အချိန်အထိ လုပ်ငန်း တာဝန်များကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ ကောင်စီ၏ လုပ်ငန်းတာဝန်များသည် ဥပဒေ/ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရသည် ဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များစွာ ရှိနိုင်ပါကြောင်း၊ ထိုအခက်အခဲများကို သည်းခံစိတ်၊ ဇွဲ၊ လုံ့လတို့ဖြင့် ဆောင်ရွက် သွားကြမည်ဆိုလျှင် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ Washington Accord တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်ရာတွင် ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိမည် ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်များအနေဖြင့် တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီတွင် ကောင်စီ၏ လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း ဆွေးနွေးပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)