အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများမှ အင်ဂျင်နီယာပညာရှင်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ ဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်တို့က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် Naypyitaw State Polytechnic University ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Naypyitaw State Polytechnic University ကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို တက္ကသိုလ်စုဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polyte-chnic University ဖွင့်ပွဲအထိမ်းအမှတ် အဖြစ် မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများ၏ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် “အင်ဂျင်နီယာနှစ် ၁၀၀” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်မှု၊ “Welcome To NSPU” သီချင်းဖြင့် သရုပ်ပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် အခမ်းအနားသည် မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်မြောက်သော အချိန်ဖြစ်သည့်အပြင် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်လာစေမည့် Naypyitaw State Polytechnic University ကို နိုင်ငံ၏မြို့တော် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်ဝသည့် နေ့ထူးနေ့မြတ် အခမ်းအနားဖြစ်ကြောင်း။
မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များသည် ပျူခေတ်၊ ပုဂံခေတ်မှစပြီး ထွန်းကားခဲ့သည်ကို သမိုင်းအထောက်အထား မှတ်တမ်းများအရ တွေ့ရှိရကြောင်း၊ ပျူခေတ်မြန်မာ့ဗိသုကာ အမွေအနှစ်လက်ရာများကို ဗိဿနိုးမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းနှင့် သရေခေတ္တရာမြို့ဟောင်းတို့တွင် အထင်အရှား တွေ့ရှိရကြောင်း၊ ပုဂံခေတ်တွင် တည်ထားခဲ့သည့် အာနန္ဒာဘုရား၊ သဗ္ဗညု ဘုရား၊ ဓမ္မရံကြီးဘုရားများတွင်ရှိသည့် ဗိသုကာလက်ရာများသည် မြန်မာတို့၏ ဗိသုကာပညာရပ်အဆင့်အတန်း မြင့်မားမှုကို အထင်အရှားဖော်ပြနေကြောင်း၊ ထို့ပြင် ပုဂံမင်းလက်ထက် အမရပူရမြို့ စာရေးဦးပိန် တည်ဆောက်ခဲ့သည့် တစ်မိုင်နီးပါးရှည်လျားသော ဦးပိန်တံတားသည် ကျွန်းသစ်ကိုသာ အသုံးပြုထားသည့် ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေကြောင်း။
အင်ဂျင်နီယာပညာများ ဖွံ့ဖြိုးတိုးတက်မှု
ရတနာပုံခေတ်တွင် အင်ဂျင်နီယာပညာများ ဖွံ့ဖြိုးတိုးတက်ရာ၌ ၁၈၅၈ ခုနှစ် မှ ၁၈၇၄ ခုနှစ်အတွင်း မင်းတုန်းမင်း၏ညီတော် ကနောင်မင်းသားကြီးက ဒင်္ဂါးစက်ရုံ၊ မဲနယ်စက်ရုံ၊ သကြားစက်ရုံ၊ သင်္ဘောစက်ရုံ၊ ဝါဂွမ်းစက်ရုံ၊ ရက်ကန်းစက်ရုံ စသည့် ရတနာပုံခေတ်စက်ရုံများကို တည်ထောင်ခဲ့ကြောင်း၊ ၁၈၆၆ ခုနှစ်တွင် မောင်ရွှေအိုးက ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ရှိသည့် ဗဟိုဝိဇ္ဇာတက္ကသိုလ်မှ သိပ္ပံပညာမဟာဝိဇ္ဇာဘွဲ့အပြင် မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကြောင်း၊ ၁၈၆၇ ခုနှစ် တွင် ဖန်ချက်ပညာဆိုင်ရာစာတမ်းကို ဆက်သွင်းခဲ့သဖြင့် ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည့် မြန်မာ့ပထမဦးဆုံးသောအင်ဂျင်နီယာလည်းဖြစ်ကြောင်း၊ ၁၈၆၆ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်သည် အီတလီနိုင်ငံ၏ ဟိုတယ်ဒီဇိုင်းကို အခြေခံပြီး ယောမင်းကြီးအုတ်ကျောင်းကို မန္တလေးမြို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း၊ ၁၈၆၉ ခုနှစ်တွင် ယောမင်းကြီး ဦးဘိုးလှိုင်က မြန်မာ့ကြေးနန်းရိုက်နည်းဆိုင်ရာ လီပိဒီပိကာကျမ်းကို ရေးသားပြုစုခဲ့ပြီး ၁၈၇၀ ပြည့်နှစ်တွင် မြန်မာ့ကြေးနန်းလိုင်းများကို စတင်သွယ်တန်းခဲ့ကြောင်း။
၁၈၇၂ ခုနှစ်တွင် ကင်းဝန်မင်းကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများကို သွားရောက်ခဲ့ပြီး လမ်းနှင့်တံတား တည်ဆောက်မှုအပါအဝင် အနောက်တိုင်းပညာရေးစနစ်များ၊ အုပ်ချုပ်မှုနှင့် အခြေခံအဆောက်အအုံများကို လေ့လာခဲ့ကြောင်း၊ ၁၈၇၄ ခုနှစ်တွင် စစ်ကိုင်းသံဖိုရုံကို အုတ်မြစ်ချ စတင်ဆောက်လုပ်နိုင်ခဲ့ပြီး ပြင်သစ်တွင် သံချက်ပညာသင်ယူခဲ့သည့် သံချက်ဝန်မင်း ဦးမြူက ကြီးကြပ်ပြီး သံပွတ်လုံးမှအစ သံပြား၊ သံလုံး၊ သံမြှောင်များ၊ လက်နက်များ ပြုလုပ်နိုင်ခဲ့ကြောင်း။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၀ ပြည့်နှစ်တွင် “လျှပ်စစ်မီးဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့” ကြွေးကြော်သံဖြင့် ၈၄ မဂ္ဂါဝပ်ရှိသည့် ဘီလူးချောင်း အမှတ် (၂) လောပိတရေအားလျှပ်စစ် စက်ရုံကို တည်ဆောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် တွင် ၁၆၈ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ ၁၉၇၀ ပြည့်နှစ် အစောပိုင်းတွင် တက္ကသိုလ်များကွန်ပျူ တာစင်တာကို တည်ထောင်ခဲ့ပြီး ICL-1902S Mainframe အမျိုးအစား ကွန်ပျူတာစက်ကြီးတစ်လုံးကို ပထမဆုံး ကွန်ပျူတာအဖြစ် တပ်ဆင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း။
မြန်မာ့ရိုးရာဗိသုကာလက်ရာ ဒီဇိုင်းရေးဆွဲ
ခေတ်အဆက်ဆက်တွင် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင် အမြောက်အမြား ပေါ်ထွန်းခဲ့ကြောင်း၊ ရန်ကုန်မြို့တော်ခန်းမကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က နိုင်ငံခြားသား ပညာရှင်များနှင့် ပူးပေါင်းပြီး ဥရောပလက်ရာနှင့် မြန်မာ့ရိုးရာ ဗိသုကာလက်ရာတို့ ပေါင်းစပ်ပြီး ဒီဇိုင်းရေးဆွဲခဲ့ကြောင်း။
ယခု ၂၁ ရာစုတွင်လည်း နေပြည်တော် မြို့တော်တည်ဆောက်ရေးနှင့် နေပြည်တော်တွင်ရှိသည့် လွှတ်တော်အဆောက်အအုံများကို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့ဗိသုကာလက်ရာများနှင့် ခြယ်မှုန်းပြီး မြန်မာဗိသုကာပညာရှင်များ၊ မြန်မာအင်ဂျင်နီယာများက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်ထားသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသည် ဘူမိဖဿမုဒြာစကျင် ကျောက်ရုပ်ပွားတော်ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးနှင့် အလေးချိန်အများဆုံး စကျင်ကျောက် ရုပ်ပွားတော်ကြီးတစ်ဆူအဖြစ် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် CNC နည်းပညာကို အသုံးပြုပြီး အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အရှည်ပေ ၈၆၃၈ ပေရှိသည့် Cable–Stayed တံတားအမျိုးအစား ပဲခူးမြစ်ကူး တံတား (သန်လျင်တံတား အမှတ်-၃) ကိုလည်း မြန်မာ့အင်ဂျင်နီယာပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေး၏အစ
မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည် ဆိုပါက (၁၉၂၃ - ၁၉၂၄) ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ အင်ဂျင်နီယာဌာန စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး၏အစဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ ၁၉၂၄ - ၁၉၂၅ ပညာသင်နှစ်တွင် မြို့ပြအင်ဂျင်နီယာသင်တန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၂၈ ခုနှစ် တွင် မြန်မာ့ပထမဦးဆုံး အင်ဂျင်နီယာ ဘွဲ့ရ ၂၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း။
၁၉၆၁ ခုနှစ်တွင် ယခုလက်ရှိ အင်းစိန်မြို့နယ် ကြို့ကုန်းတွင်ရှိသည့် ရန်ကုန်နည်းပညာတက္ကသိုလ်နေရာကို ပြောင်းရွှေ့ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မန္တလေးစက်မှုတက္ကသိုလ်၊ ၁၉၉၄ ခုနှစ်တွင် တပ်မတော်နည်းပညာတက္ကသိုလ်၊ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ၁၉၉၈ ခုနှစ်တွင် ပြည်နည်းပညာတက္ကသိုလ်၊ ၂၀၀၂ ခုနှစ်တွင် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တို့ကို တည်ထောင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း။
လက်ရှိအချိန်တွင် နိုင်ငံတော်က အားထားရသည့် အင်ဂျင်နီယာ၊ ဗိသုကာနှင့် ကွန်ပျူတာပညာရှင်များကို အရည်အချင်းပြည့်မီစွာ မွေးထုတ်ပေးနိုင်ရန်အတွက် Naypyitaw State Polytechnic University နှင့် Polyte-chnic University ခုနစ်ခု၊ နည်းပညာတက္ကသိုလ် ၂၇ ခု၊ ကွန်ပျူတာတက္ကသိုလ် ၁၉ ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တစ်ခု၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တစ်ခု စုစုပေါင်းအင်ဂျင်နီယာပညာရပ် သင်ကြားပို့ချပေးသည့် တက္ကသိုလ် (၅၆) ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University ငါးခုကို ကျိုင်းတုံ မြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင် ယနေ့တစ်ပြိုင်နက်တည်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်ကို တစ်ပါတည်း ပြောကြားလိုကြောင်း။
လက်တွေ့ကျသည့်ပညာရေး သင်ကြားပို့ချ
Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ကျကျ လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့် ပညာရေးကို သင်ကြားပို့ချပေးခြင်း၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သည့်ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလိုအပ်ချက်ကိုက်ညီပြီး ကောင်းစွာ ကျွမ်းကျင်တတ်မြောက်သည့် ဘွဲ့ရများ မွေးထုတ်ပေးခြင်း၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရ သည့် Real World Project များ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ပိုလီတက္ကနစ်တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Polytechnic University များသည် ဘာသာရပ် နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့် နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများ သာမက ဘွဲ့လွန်သင်တန်းများ၊ သုတေ သနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသင်ယူနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း။
ပညာရှင်များမွေးထုတ်ပေး
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့်အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များကို ပိုမိုမွေးထုတ် လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) အဖြစ်မှ တက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း။
တိုးချဲ့ဖွင့်လှစ်
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ် ခြောက်ခုဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာ အထူးပြုဘာသာရပ်ကိုပါ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တွင် နေပြည်တော်နည်းပညာတက္ကသိုလ်ကို Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အင်ဂျင်နီယာအထူးပြု ဘာသာရပ်များသာမက ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များကိုပါ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာရေး
Naypyitaw State Polytechnic University ကို ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်များနည်းတူ နိုင်ငံ့ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပြီး တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်ဂျင်နီယာ အထူးပြုဘာသာရပ်ဌာန ခုနစ်ခု၊ ကွန်ပျူတာအထူးပြု ဘာသာရပ်ဌာနလေးခု၊ အခြားအထောက် အကူပြုဘာသာရပ်ဌာနငါးခု၊ သင်ကြားရေးဌာန စုစုပေါင်း ၁၆ ခုဖြင့် ပြည့်စုံအောင် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း။
ယခုအချိန်တွင် အင်ဂျင်နီယာအထူးပြုဘွဲ့ခုနစ်မျိုးနှင့် ကွန်ပျူတာအထူးပြုဘွဲ့ နှစ်မျိုး၊ စုစုပေါင်းဘွဲ့ကိုးမျိုး အပ်နှင်းသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်လျှင် အင်ဂျင်နီယာအထူးပြု ကျောင်းသား ၂၇၀၊ ကွန်ပျူတာအထူးပြုကျောင်းသား ၁၂၀ စုစုပေါင်း ၃၉၀ ခေါ်ယူသွားမည်ဖြစ်ပြီး အင်ဂျင်နီယာ အထူးပြုဘာသာရပ်ကို စာသင်နှစ် ငါးနှစ်၊ကွန်ပျူတာအထူးပြု ဘာသာရပ်ကို စာသင်နှစ်လေးနှစ်စသဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာပိုလီတက္ကနစ် တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ် ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်က တည်ဆောက်ပေးလိုက်သည့် Naypyitaw State Polytechnic University ကို ယခုထက် ပိုမိုဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ်အင်ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရှင်များဖြစ်လာစေရေး အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အင်ဂျင်နီယာပညာရှင်များအားလုံးကို ဂုဏ်ပြုချီးကျူး
မြန်မာနိုင်ငံ သမိုင်းစဉ်တစ်လျှောက်တွင် မြန်မာ့ရိုးရာအင်ဂျင်နီယာနှင့် ဗိသုကာအတတ်ပညာနှင့် နိုင်ငံ၏ ဂုဏ်အဖုံဖုံကို မြှင့်တင်ပေးခဲ့ကြသည့် ရှေးပညာရှင် အကျော်အမော်များအားလုံး ခေတ်သစ်အင်ဂျင်နီယာပညာများနှင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် အင်ဂျင်နီယာ ပညာရှင်များအားလုံးကို အထူးပင်ဂုဏ်ပြုချီးကျူးပါကြောင်းနှင့် ကျေးဇူးဥပကာရတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး သမိုင်းတစ်ခေတ် တွင်ခဲ့သည့် နှစ် (၁၀၀) ပြည့်မှသည် နောင်နှစ်ပေါင်းထောင်ချီတိုင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်ဂျင်နီယာ ကျောင်းသားဟောင်းကြီးများ၊ အင်ဂျင်နီယာလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်၍ နိုင်ငံ့အကျိုးကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းတင် Documentary ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်သည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာကြသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အင်ဂျင်နီယာသမိုင်းပြခန်းများ၊ နည်းပညာဆိုင်ရာပြခန်းများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ပြသထားသောပြခန်းများကို စိတ်ဝင်တစားဖြင့် လှည့်လည်ကြည့်ရှုကြသည်။
နေပြည်တော်နည်းပညာတက္ကသိုလ် အဖြစ်မှ Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့
အဆိုပါ Naypyitaw State Polytechnic University ကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် အင်ဂျင်နီယာနှင့် ကွန်ပျူတာနည်းပညာဆိုင်ရာ ပညာတတ်လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင် ရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ်မှ Naypyitaw State Polytechnic University အဖြစ် ပြောင်းလဲတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်၏ အခြေခံအဆောက်အအုံ ဖြစ်သည့် စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင်ရှိသည့် ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး သဘာဝနှင့် လိုက်လျောညီထွေစွာ သက်သောင့်သက်သာ ပညာသင်ယူနိုင်ရေး ကြိုးစားတည်ဆောက်ထားခြင်းဖြစ်သည်။ ပရိဘောဂလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်း လိုအပ်ချက်များကိုလည်း နိုင်ငံတကာတက္ကသိုလ်များနည်းတူ ပြည့်စုံလုံလောက်မှုရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်ယူရသည့် ကာလတစ်လျှောက် အေးချမ်းပျော်ရွှင်စွာဖြင့် တက္ကသိုလ်ကျောင်းသားဘဝ၏ အနှစ်သာရကို ပြည့်ပြည့်ဝဝရရှိစေရေးအတွက် အားကစားကွင်း၊ Recreation Centre စသည်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသကဲ့ သို့ တက္ကသိုလ်ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်နေစေရေး သစ်ပင်ပန်းမန်များ၊ အလှရေကန်များ၊ စိတ်လက်ချမ်းသာစွာ အနားယူအပန်းဖြေနိုင်သည့် နေရာများဖြင့် ဖန်တီးတည်ဆောက်ပေးထားသည်။
ကျိုင်းတုံ၊ ပင်လုံ၊ မြိတ်၊ ထားဝယ်နှင့် မအူပင်မြို့တို့တွင်လည်း Polytechnic University များကို ဖွင့်လှစ်နိုင်ခဲ့
ယနေ့တွင် Naypyitaw State Polytechnic University ဖွင့်လှစ်မှုနှင့်အတူ တစ်ချိန်တည်း၌ ကျိုင်းတုံမြို့၊ ပင်လုံ မြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း Polytechnic University များကို ဖွင့်လှစ်နိုင်ခဲ့ပြီး Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂရီသင်တန်းများကိုပါ တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အကျိုးပြု သုတေသန လုပ်ငန်းများဆောင်ရွက်နိုင်ရေး အဆင့်ဆင့်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


