ရမည်းသင်း၊ ၁၃ ဒီဇင်ဘာ

 

၂၀၂၀ ပြည့်နှစ်အတွင်း စပျစ်စိုက်ပျိုးရေးကို မြန်မာနိုင်ငံအနှံ့အပြား ဒေသအသီးသီးမှ စိတ်ပါဝင်စားလာကြပြီး ခြံသစ်များလည်း တိုးပွားလာကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

 

စပျစ်ပျိုးပင်တွေကို မြို့နယ်တော်တော်များများက အော်ဒါမှာယူလာကြပါတယ်။ ခြံသစ်တွေလည်း များလာတယ်။ ကျွန်တော်တာဝန်ယူစိုက်ပျိုးပေးနေတဲ့ ခြံတွေဆိုရင် မြဝတီ၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မုံရွာ၊ ချောင်းဦး၊ တန့်ဆည်၊ မြိုင်၊ ပခုက္ကူ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊  မြင်းခြံ၊ နွားထိုးကြီး၊ ပြည်မြို့၊ မန္တလေး၊ ပဲခူး၊ တံတားဦး၊ ဗန်းမောက်၊ ရေနံချောင်းနဲ့ မတ္တရာ စတဲ့ နေရာအနှံ့အပြားမှာ ရှိနေပါပြီ။ လာမယ့် ဖေဖော်ဝါရီလထဲမှာဆိုရင် အပင်ရေ တိုးချဲ့စိုက်ပျိုးပေးရမယ့် ခြံတွေလည်း ရှိနေပါတယ် ဟု မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသရှိ လပြည့်ဝန်း စပျစ်စိုက်ပျိုးရေးခြံ၊ စပျစ်ပျိုးအမျိုးမျိုးနှင့် ဝိုင်စပျစ်သီးရောင်းဝယ်ရေးမှ စီမံအုပ်ချုပ်သူ ကိုမင်းဆက်ပိုင်က ပြောသည်။

 

ကနဦးစိုက်ပျိုးစဉ်အခါက အပင်ရေအနည်းငယ်သာ စမ်းသပ်စိုက်ပျိုးခဲ့ကြသူများမှာလည်း (သားစဉ်မြေးဆက် ရေရှည်အကျိုးဖြစ်ထွန်းမှုရှိသည့်) စပျစ်စိုက်ပျိုးရေး ဈေးကွက်အပေါ် သဘောပေါက်နားလည်လာပြီး စိုက်ဧကတိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။

 

“စစိုက်တုန်းကတော့ စပျစ်စိုက်ပျိုးရေးအပေါ် ယုံကြည်မှုအားနည်းသေးတော့ အပင်ရေနည်းနည်းပဲ စမ်းစိုက်ခဲ့ကြတာမျိုးပါ။ အခုနောက်ပိုင်းမှာတော့ ကိုယ်တိုင်စိုက်ပျိုးတဲ့ခြံတွေအပြင် အနီးပတ်ဝန်းကျင်တွေကပါ စပျစ်စိုက်ပျိုးရေးက အမှန်တကယ်ကောင်းမွန်တဲ့ စိုက်ပျိုးရေးဆိုတာကို လက်ခံလာကြတယ်။ ဈေးကွက်ကလည်း ကိုယ့်အပေါ်မူတည်နေတာ၊ ဝယ်လိုအားကောင်းတာထက် ကိုယ်စိုက်ရင် စိုက်သလောက် အောင်မြင်မှုရနိုင်တယ် ဆိုတာကို အများစု သိလာကြတာ။ ဒါ့ကြောင့် အရင်က နည်းနည်းစိုက်ထားတဲ့သူတွေလည်း တိုးချဲ့စိုက်ပျိုးလာကြတယ်။ အရင်တုန်းကဆိုရင် နှစ်တိုင်းလိုလို အပင်ရေ ငါးထောင်၊ ခြောက်ထောင်လောက်သာ သွားခဲ့တာပါ။ အခုဆိုရင် အပင်ရေ တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးအထိ မှာယူမှုတွေရှိကြတယ်” ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

 

ယခုကာလသည် စပျစ်စတင်စိုက်ပျိုးမည့် ခြံများအနေဖြင့် စတင်စိုက်ပျိုးမည့်မြေပေါ်တွင် မြေပြုပြင်ခြင်း၊ ထယ်ရေးပြုပြင်ခြင်းများ ပြုလုပ်သင့်သည့် ကာလအပိုင်းအခြားတစ်ခုလည်း ဖြစ်သည်။

 

နန်းထက်ထက်ချစ်