မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွသော ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက် ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်လျက် ရှိသည်။ အာဆီယံအသိုက်အဝန်း ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းနိုင်ငံများနှင့် တက်ကြွစွာ လက်တွဲဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေထိုင်လျက်ရှိသည်။ မကြာသေးမီက အိမ်နီးချင်းနိုင်ငံကြီးများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ နိုင်ငံတော် အဆင့်ချစ်ကြည်ရေးခရီးသွားရောက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့ဘက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း၊ အနောက်ဘက်တွင် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း မပြတ်ထိတွေ့ဆက်ဆံလျက်ရှိသည်။ ဇွန်လ ၂၂ ရက်က ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံပြီး ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း၊ ပြည်သူများအချင်းချင်း ဆက်ဆံရေးနှင့် ကူးလူး ဆက်ဆံမှုများ ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးအား တိုးမြှင့်ထူထောင်ထားနိုင်သည်ကို အထင်အရှားတွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဘင်းမ်စတက်အဖွဲ့၏ မူလအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation-BIMSTEC) ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံအဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည်။ ဘင်းမ်စတက်ကို ဘင်္ဂလားပင်လယ်အော် အတွင်း နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဘင်းမ်စတက်၏ လက်ရှိပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ ခုနစ်ခုရှိသည့်အနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ” ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန် လွှဲပြောင်းရယူ ထမ်းဆောင် ရမည်ဖြစ်သည်။
ဘင်းမ်စတက်အဖွဲ့ကြီးကို စတင်ထူထောင်လာခဲ့သည်မှာ လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်သည်။ ထိုကာလတွင် မြန်မာနိုင်ငံက ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သလို တာဝန် ထမ်းဆောင်ချိန်၌ အဖွဲ့ဝင်နိုင်ငံများကြားတွင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။ အဖွဲ့ကြီးကို ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှု မှတ်တမ်းများလည်း များစွာရှိပြီးဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ် စာမျက်နှာသစ်ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများအတွင်း၌လည်း မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နံပါတ် ၁ နေရာတွင်ရှိနေသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် တက်တက်ကြွကြွ ရှင်းရှင်းလင်းလင်း ဆောင်ရွက်မှုများကို နိုင်ငံအများစုက လက်ခံအသိအမှတ်ပြုထားကြသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိနေချိန်တွင် ကမ္ဘာ့နိုင်ငံများကို ကိုယ်စားပြုသည့်၊ တရားမျှတမှုနှင့် ဘက်မလိုက်မှု အခြေခံမူဝါဒရှိသည့် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အလာမပျက် စွပ်စွဲပုတ်ခတ်မှုများ ပြုလုပ်နေသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများကို လျစ်လျူရှု၍ ၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအား အလွတ်သဘောရှင်းလင်းမှုတွင် မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်သော၊ တစ်ဖက်စောင်းနင်း ဖြစ်စေသော စွပ်စွဲချက်များကို ချဲ့ကားတင်ပြသွားသည်ကို တွေ့ရသည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ မြေပြင်ပကတိ ဖြစ်ပေါ်တိုးတက်မှုများ၊ ဒီမိုကရေစီ နည်းလမ်း တကျ ပေါ်ထွန်းလာသည့် အစိုးရသစ်၏ ကြိုးပမ်းအားထုတ်မှုများနှင့် အကြမ်းဖက်သမားများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးရသည့် အခြေအနေများကို မျက်ကွယ်ပြုလျစ်လျူရှုပြီး ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် အနောက်အုပ်စု၏ လုပ်ကြံဖန်တီးမှုများကိုအခြေခံ၍ အစဉ်အလာ မပျက် ထုတ်ပြန်နေသော အစီရင်ခံစာများနှင့် ပြောကြားချက်များသည် မြန်မာနိုင်ငံ၏ ပကတိ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကင်းကွာနေပြီး ကုလသမဂ္ဂ၏ မျှတမှု၊ ဘက်မလိုက်မှု၊ ဂုဏ်သိက္ခာရှိမှုတို့နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း။


