ရန်ကုန်၊ ၂၉ ဒီဇင်ဘာ
AIA Myanmar သည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သည့် International Finance Magazine (IFM) ၏ အာမခံကဏ္ဍအတွက် ပေးအပ်သော Most Innovative Marketing Campaign – Insurance ဆုနှင့် “The Best Green Initiative ဆုတို့ကို ရရှိခဲ့ပြီး အာမခံဈေးကွက် ချဲ့ထွင်ရာတွင် ဆန်းသစ်၍ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော နည်းလမ်းများဖြင့် အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့သည့် အာမခံလုပ်ငန်းတစ်ခုအဖြစ် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ အသိအမှတ်ပြုခြင်းခံရခြင်းမှာ ထင်ရှားသည့် လှုပ်ရှားမှုများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ရောစပ်၍ အနုပညာလက်ရာမြောက်စွာ ဒီဇိုင်းဖန်တီးထားသော အခန်း (၅)ခန်းပါဝင်ပြီး ဧည့်သည်ပေါင်း ၂၀၀၀ ခန့်ကို ဆွဲဆောင်နိုင်ခဲ့သည့် AIA Myanmar ၏ ထူးခြားဆန်းသစ်သည့် ဖွင့်ပွဲအခမ်းအနား “UN” ရန်ကုန်၏ နှလုံးသားတည်ရာ မြို့လယ်ခေါင်တွင် တည်ရှိ၍ လေ့လာသင်ယူမှု၊ လူမှုအသိုက်အဝန်း၊ မတူကွဲပြားမှုနှင့် အနုပညာတို့ကို မြေတောင်မြှောက် အားပေးလျက်ရှိသော အနုပညာ လက်ရာမြောက်စွာ ဖန်တီးထားသည့် AIA Khit Member Center ၊ ဒေသတွင်း NGO အဖွဲ့အစည်းတစ်ခုနှင့် မြန်မာပန်းချီအနုပညာရှင်တို့နှင့် ပေါင်းစည်းကာ AIA က ဖန်တီးထားသော ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်စေမည့် Healthier, Longer, Better Lives နောက်ဘေးလမ်းကြားဉယျာဉ်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် ဗဟိုချက်ဖြစ်သည့် ပုဂံဒေသ၏ တုရင်တောင်ခြေတွင် အိမ်ခြေ ၁၀၀ ကို ဆိုလာပြား ၁၀၀ လှူဒါန်းနိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ၂၀၀ ကျော် ပါဝင်ခဲ့သည့် AIA Go For LIGHT 5KM ပြေးပွဲ၊ ပလတ်စတစ် အသုံးပြုမှု လျှော့ချရေးကို ရေရှည် လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည့် ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပြုလုပ်ခဲ့သော လူထုအကျိုးပြု လှုပ်ရှားမှု တစ်ခုဖြစ်သည့် အဝတ်အိတ်လှူဒါန်းမှု စသည်တို့ ပါဝင်သည်။
“ကျွန်တော်တို့ ဆောင်ရွက်ခဲ့သမျှ လှုပ်ရှားမှုတွေထဲမှာ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ အနုသုခုမ လက်ရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ လူထုတို့ ပေါင်းစည်းပါဝင်ခြင်းရဲ့ ပြယုဂ်အဖြစ် ဒီဆုတွေကို လက်ခံရတာ အင်မတန် ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူတွေကြောင့် ရရှိခဲ့တဲ့ အောင်မြင်မှုပါပဲ” ဟု AIA Myanmar ၏ CEO Mr. Luc Ly က ပြောသည်။
“ကျွန်တော်တို့ရဲ့ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်ရန်ဆိုတဲ့ ရည်မှန်းချက်ကို မျှဝေဖို့ ကျွန်တော်တို့ဟာ မြန်မာပြည်သူအများနဲ့ စိမ်းနေသေးတဲ့ အသက်အာမခံရဲ့ အကျိုးကျေးဇူးတွေအကြောင်းကို ပြည်သူလူထုကို မျှဝေမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလို မိတ်ဆက်ပေးတဲ့နေရာမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကျိုးရှိစေဖို့ ထူးခြားလှပတဲ့ မြန်မာ့အနုပညာလက်ရာတွေ၊ မြန့်မာ့ယဉ်ကျေးမှုတွေကို အခြေတည်ကာ ပြည်သူလူထုနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မယ့် မြောက်မြားလှစွာသော ပွဲအခမ်းအနားတွေ၊ လှုပ်ရှားမှုတွေမှာ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ယူကေအခြေစိုက် ထိပ်တန်း စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ထုတ်ဝေမှုဖြစ်သည့် IFM သည် ၂၀၁၃ ခုနှစ်မှ စတင်၍ အရှေ့အလယ်ပိုင်း၊ အာရှ၊ ဥရောပနှင့် အာဖရိကတို့မှ အာမခံလုပ်ငန်းများအတွက် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်း၊ စီးပွားစီမံခန့်ခွဲခြင်းနှင့် အာမခံ စသည့် နယ်ပယ်အသီးသီးအတွက် ဆုများကို နှစ်စဉ်ပေးအပ်လျက်ရှိသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်


