မြန်မာနိုင်ငံအတွင်း အင်တာနက် လောင်းကစားဂိမ်းများ တရားမဝင် လာရောက်လုပ်ကိုင်သည့် ထိုင်းနိုင်ငံသား ခြောက်ဦးအား ဖမ်းဆီးရမိ

တာချီလိတ်    ၁၃   ဖေဖော်ဝါရီ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း၊ ကျောက်စိမ်း သောက်ရေသန့်လမ်း၌ အွန်လိုင်းလောင်းကစားဂိမ်း လုပ်ငန်းများ တရားမဝင် လုပ်ကိုင်၍ ဗီဇာစည်းကမ်းချိုးဖောက်သည့် ထိုင်းနိုင်ငံသား ခြောက်ဦးကို ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၁၂ ရက်ညနေ ၃ နာရီခန့်တွင် တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး အပါအဝင် ပူးပေါင်းတပ်ဖွဲ့သည် သက်သေများနှင့် အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း၊ ကျောက်စိမ်းသောက်ရေသန့်လမ်းတွင် ထိုင်းနိုင်ငံသားများ အင်တာနက်ကိုအသုံးပြု ၍ တရားမဝင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အတွင်း ထိုင်းနိုင်ငံသား Mr.Tui (၂၅ နှစ်)၊ Mr.Narait Detrittha weesak (၂၁ နှစ်)၊ Mr.PhaKhum Thipchai (၂၁ နှစ်) ၊ Mr.Teerasit Saelee  (၂၅ နှစ်)၊ Mr.Chirawat Mongkhonli (၂၁ နှစ်)နှင့် ထိုင်းနိုင်ငံသူ Ms.Onanon Payalung (၂၁ နှစ်)၊ စုစုပေါင်း ခြောက်ဦးတို့အား တရားမဝင် အွန်လိုင်းလောင်း ကစားဂိမ်းပြုလုပ်လျှက်ရှိသော ဆက်စပ် ပစ္စည်းများဖြစ်သည့် တံဆိပ်မျိုးစုံ ကွန်ပျူတာ၊ မော်နီတာစက် ၁၁ လုံး၊ မားသားဘုတ် ခုနှစ်လုံး၊ USB ဘတ္ထရီ ရှစ်လုံး၊ ဖုန်းမျိုးစုံ ကိုလုံးနှင့် Wifi လွှင့်စက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အမှုမှ တရားမဝင် အွန်လိုင်း လောင်းကစားဂိမ်း လုပ်ငန်းများ လုပ်ကိုင်၍ ဗီဇာစည်းကမ်း ချိုးဖောက်သည့် ထိုင်းနိုင်ငံသား ငါးဦးနှင့် ထိုင်းနိုင်ငံသူ တစ်ဦး၊ စုစုပေါင်း ခြောက်ဦးကို တာချီလိတ်မြို့မရဲ့စခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


မြင့်မိုရ်(တာချီလိတ်)