ရန်ကုန် ၂ မတ်
မြန်မာနိုင်ငံအတွင်း ဆန်တွင် အဏုအာဟာရ ဖြည့်စွက်ခြင်းလမ်းညွှန်အား အသိပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ (Advocacy workshop for technical guidance on rice fortification in Myanmar) ကို ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံအတွင်း ဆန်တွင် အဏုအာဟာရ ဖြည့်စွက်ခြင်းလမ်းညွှန်တွင် ပါဝင်သော လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်များမှ ပိုမိုသိရှိနားလည်ပြီး အားဖြည့်ဆန်ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် ယခုထက်ပိုမိုပူးပေါင်းကာ အားဖြည့်ဆောင်ရွက်နိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အာဟာရချို့တဲ့မှု ပြဿနာများ ကာကွယ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ အချက်အလက်များ ကောက်ယူပြုစုထားရှိသည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေးစစ်တမ်းအရ မြန်မာနိုင်ငံ၏ အာဟာရပြည့်ဝမှု အခြေအနေမှာ နိမ့်ကျနေပါကြောင်း၊ အာဟာရဖွံ့ဖြိုးမှုသည် ကိုယ်ခန္ဓာဖွံ့ဖြိုးကျန်းမာရေး အတွက်သာမက ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်ပါ အထူးအရေးကြီးပါကြောင်း။
အာဟာရမပြည့်ဝမှုများ ဖြစ်ပွားခြင်းကြောင့် နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် ကလေးများတွင် ကိုယ်စွမ်းဉာဏ်စွမ်း အားနည်းခြင်း၊ အသိဉာဏ်အတွေးအခေါ်များ မဖွံ့ဖြိုးခြင်းတို့ ဖြစ်ပွားပါက နိုင်ငံတစ်ခုလုံး၏ အနာဂတ်မှာ စိုးရိမ်ဖွယ်ရာပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆန်ကို အဓိကထားစားသုံးကြသည်ဖြစ်၍ ဆန်တွင် အကျိုးပြု ဗီတာမင်နှင့် သတ္တုဓာတ်များဖြည့်စွက်ကာ အားဖြည့်ဆန်အဖြစ် ဖန်တီးထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ အားဖြည့်ဆန်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ WFP နှင့် FAO တို့ကလည်း အသိအမှတ်ပြုထားပြီးဖြစ်ပါကြောင်း၊ အားဖြည့်ဆန်များကို စားသုံးခြင်းဖြင့် အာဟာရချို့တဲ့မှုဆိုင်ရာ ပြဿနာအားလုံးကို မဖြေရှင်းနိုင်သော်လည်း မြန်မာနိုင်ငံ အာဟာရပြဿနာများကို ကာကွယ်ခြင်းကို များစွာအထောက်အကူပြုကာ ပြည်သူများတွင်လည်း အာဟာရပြည့်ဝ ကျန်းမာသန်စွမ်း စေမည်ဖြစ်ပါကြောင်း။
ယခု အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းများရေရှည်တည်တံ့ အောင်မြင်နိုင်ရန်အတွက် အာဟာရဖြည့် ဆန်ထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် လက်ရှိအခြေအနေများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲတွင် ခင်းကျင်းပြသထားသော အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။
အားဖြည့်ဆန်တွင် ဗီတာမင်အေ၊ ဘီ - ၁၊ ဘီ - ၃၊ ဘီ - ၆၊ ဘီ - ၁၂၊ ဖောလစ် အက်စစ်၊ သံဓာတ်နှင့် ဇင့်ဓာတ်တို့ကို မြန်မာနိုင်ငံ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီစေရန် တွက်ချက်ပေါင်းစပ်ထားရှိပြီး အားဖြည့်ဆန်ကို စာသုံးခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအားကောင်းခြင်း၊ အလုပ်လုပ်နိုင်စွမ်းအား တိုးတက်ကောင်းမွန်ခြင်း၊ ကျန်းမာရေး ပိုမိုကောင်းမွန်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အဖြစ်များသော သွေးအားနည်းခြင်းနှင့် ပုညှက်ခြင်းတို့ကိုလည်း အားဖြည့်ဆန်စားသုံးခြင်းဖြင့် ကာကွယ်နိုင်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine (UEHRD)၊ UMFCCI၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ PATH၊ Livelihood and Food Security Fund၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အားဖြည့်ဆန်စေ့နှင့် အားဖြည့်ဆန်ထုတ်လုပ်သော လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံလက်လီ ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


