တာချီလိတ် ၃၁ ဇန်နဝါရီ
မြန်မာနိုင်ငံအတွင်း မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်လည်ပတ်ခဲ့သည့် မလေးရှားနိုင်ငံသား ၁၄ ဦး ပါဝင်သော ဆိုင်ကယ်စီးအဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် (၁)မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

မလေးရှားနိုင်ငံသားအဖွဲ့သည့် မြန်မာ-ထိုင်း နယ်စပ်ဖြစ်သည့် မဲဆောက်မှတစ်ဆင့် မြဝတီမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ နေပြည်တော်၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များသို့ ခုနှစ်ရက်ကြာ လည်ပတ်ခဲ့သည်။ ယင်းနောက် တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ပြန်လည်ထွက်ခွာခြင်း ဖြစ်သည်။
တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသား ခရီးသွားများအား လိုအပ်သည့် ကူညီပံ့ပိုးမှု ရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တစ်ဆင့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ဂျာမနီနိုင်ငံသား နှစ်ဦးသည် တာချီလိတ်၊ ကျိုင်းတုံ၊ နမ့်စန်၊ ညောင်ရွှေ၊ ပင်းတယ၊ အမရပူရ၊ မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး နှင့် တမူးမြို့များသို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ဝင်ရောက်လာကြောင်း သိရသည်။

ဖြိုးလေး(တာချီလိတ်)