နေပြည်တော် ဩဂုတ် ၁၅

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က အဖွင့်အမှာစကားပြောကြားပြီး  သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နည်းပညာဖြန့်ဝေပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင်များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် အထက်မြန်မာပြည် MSMEs လုပ်ငန်းများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများ အချင်းချင်းဖလှယ်ထားသော နည်းပညာ(၆)မျိုးဖြစ်သည့် ချဉ်ပေါင်ဖူး ဖျော်ရည်ထုတ်လုပ်ခြင်းနှင့် ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သရက်သီး ဂျယ်လီဖျော်ရည်ထုတ်လုပ်ခြင်း၊ ပဲနို့ထုတ်လုပ်ပြီးကျန်သော အနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်း၊ Freezed- Dried နည်းပညာဖြင့် စိုက်ပျိုးရေးထွက်တန်ဖိုးမြှင့် ထုတ်ကုန်များပြုလုပ်ခြင်း၊ Vacuum-Fried နည်းပညာဖြင့် အသီးအနှံအခြောက်ထုတ်ကုန်များပြုလုပ်ခြင်းများကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး စံချိန်စံညွှန်းပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျထုတ်လုပ်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတိုးတက်ခြင်းသည် အဓိကမောင်းနှင်အားများဖြစ်သည့် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူများအား နည်းပညာများ စာတွေ့ လက်တွေ့ သင်ကြားဖြန့်ဝေခြင်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စီစစ် ရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး နည်းပညာပြန်လည်ဖြန့်ဝေရေးအစီအစဉ်(၁)တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေနှင့် အထက်မြန်မာပြည်မှ MSMEs လုပ်ငန်းရှင် (၁၀၀)ကို  ဩဂုတ် ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက်တာ နည်းပညာ ပြန်လည်မျှဝေ သင်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်