မန္တလေး၊ အောက်တိုဘာ ၂၂
မြန်မာနိုင်ငံအတွင်း ဆောင်းခိုငှက်များစတင်ဝင်ရောက်လျက်ရှိရာ အရေးကြီးရေဝပ်ဒေသများနှင့် အခြား ကုန်းတွင်းဒေသများသို့ လာရောက်သည့် ဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်မှုများ မပြုလုပ်ခြင်းဖြင့် သက်ရှိလောကနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်လို အပ်ပေသည်။
ဆောင်းခိုငှက်များသည် ၎င်းတို့ သားပေါက်နေထိုင်ကျက်စားရာ ကမ္ဘာမြောက်ခြမ်း အအေးပိုင်းဒေသများတွင် မျိုးဆက်တည်တံ့ခြင်း၊ အသက်ဆက်လက်ရှင်သန်နိုင်စေရန်အတွက် ပူနွေးသော ကမ္ဘာ့တောင်ဘက်ခြမ်း ဒေသများသို့ ခေတ္တပြောင်းရွှေ့ ဆောင်းခိုကြရကြောင်း၊ မြန်မာနိုင်ငံသို့ ပျံသန်းလာကြသည့် ဆောင်းခိုငှက်များ၏ အဓိကကျက်စားရာနေရာဖြစ်သော အင်းတော်ကြီးကန်၊ အင်းလေးကန်၊ ပလိပ်အင်း၊ ပျူကန်၊ မိုးယွန်းကြီးအင်း၊ မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း၊ မိန်းမလှကျွန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသများဖြစ်ကြောင်း၊ အဆိုပါ ဒေသများတွင် ကျက်စားကြပြီး မေလတွင် လာရာလမ်းဖြစ်သည့် ကမ္ဘာ့မြောက်ခြမ်းဒေသများသို့ သားပေါက်ရန် မျိုးဆက်တည်တံ့ရေးအတွက် မိုင်ပေါင်းထောင်ချီ ခရီးဝေးပျံသန်းကြရသည်။
"ကိုဗစ်မဖြစ်ခင်ကတော့ ဒီလိုဆောင်းခိုငှက်တွေ ဝင်ရောက်လာပြီဆိုရင် ငှက်စာရင်းကောက်ဖြစ်ကြတယ်၊ အဖွဲ့ပေါင်းစုံနဲ့ပေါ့၊ ၂၀၂၀ ဇန်နဝါရီလတုန်းက ကောက်ထားခဲ့တဲ့ စာရင်းတွေအရဆိုရင် ပလိပ်အင်းမှာ မျိုးစိတ် (၄၂)မျိုး၊ ကောင်ရေ ၃၈၀၀ ကျော်၊ ဗနောအင်းမှာ မျိုးစိတ် (၁၉)မျိုးကောင်ရေ ၆၈၀ ကျော်၊ ပျူကန်မှာ မျိုးစိတ် (၃၂)မျိုး၊ ကောင်ရေ ၄၅၀၀ ကျော်ရှိခဲ့တယ်လို့ သိရတယ်၊ ကိုဗစ်ဖြစ်တော့ ခရီးသွားလာတာ နယ်မြေ အကန့်အသတ်တွေရှိတော့ မလုပ်ဖြစ်တော့ဘူး၊ ရွှေ့ပြောင်းကျက်စားတဲ့ ငှက်မျိုးစိတ်တွေကို ငှက်ရောင်း တဲ့သူတွေရဲ့ခြင်းတွေထဲမှာ အများကြီးတွေ့နေရတယ်၊ ဖမ်းဆီးရောင်းဝယ်သတ်ဖြတ်တာတွေ မလုပ်ခြင်းဖြင့် သက်ရှိလောကနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်"ဟု ငှက်လေ့လာ ဝါသနာရှင် မန္တလေးဒေသခံတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း ၁၁၃၆ မျိုးရှိရာ ဆောင်းခိုငှက်မျိုးစိတ် ၄၀၀ ပါဝင်ကြောင်း ငှက်စာရင်း ကောက်သုတေသနပြုသူအချို့၏ မှတ်တမ်းများအရသိရပြီး နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် ခြိမ်းခြောက်မှု အန္တရာယ်များကြောင့် မျိုးစိတ်သာမက အကောင်အရေအတွက်များပါ လျော့နည်းလာကြောင်း၊ ကမ္ဘာတစ်ဝှမ်း ဆောင်းခိုငှက် အကောင်ရေကျဆင်းလာခြင်းမှာ ကျက်စားနယ်မြေများ လျော့နည်းလာခြင်း ရေဝပ်ဒေသများ တိမ်ကောပျောက်ကွယ်ခြင်း၊ လူထုအသုံးပြုမှုများပြားခြင်းနှင့် ဖမ်းဆီးစားသုံးခြင်းတို့ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


