မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း (ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် စျေးကွက်ရှာဖွေရေးကော်မတီ)နှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်းက အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေများကို တင်ပြရှင်းလင်းခဲ့သည်။ ယင်းနောက် ဈေးကွက်ရှာဖွေရေးကဏ္ဏနှင့် အဖွဲ့ချုပ်၏ ရရှိရန်နှင့် ပေးချေရန် အခြေအနေများ၊ လာမည့်အနာဂတ်တွင် ဘဏ္ဍာရေးအခြေအနေစသည့် ကိစ္စရပ်များအား တက်ရောက် လာသူများက အသီးသီးဆွေးနွေးညှိနှိုင်းခဲ့သည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပခဲ့ပြီးနောက် ကဏ္ဍအလိုက် ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ကော်မတီအလိုက်ဆောင်ရွက်ရန် အစည်းအဝေးများပြုလုပ်ကာ ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)နှင့် အာရှဘောလုံး အဖွဲ့ချုပ်တို့၏ အဖွဲ့အစည်းများ ပုံစံအတိုင်း  ဆောင်ရွက်လျက်ရှိသည်။

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-MFF