၃၀ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ၂၀၂၀-၂၀၂၄ သက်တမ်းအတွက် ရွေးကောက်ပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ Major General Khiev Sameth က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ကွန်ဂရက် တရားဝင်မှတ်တမ်းများကို စစ်ဆေးမည့်အဖွဲ့ဝင်သုံးဦး၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းကြီးကြပ်ရန် အဖွဲ့ဝင်ငါးဦးတို့ ခန့်အပ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ၂၀၁၈ ခုနှစ် ရ/သုံး ငွေစာရင်း ရှင်းတမ်းတင်ပြကာ ၂၀၂၀ ဘဏ္ဍာရေးနှစ် ရ/သုံးမှန်းချေ ငွေစာရင်းနှင့် ဘတ်ဂျက်တို့ကို အတည်ပြုသည်။

 

ယင်းနောက် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ လေးနှစ်တာကာလအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ပြီး သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုမိုဝင်ရောက်ယှဉ်ပြိုင်သည့် ဖူဆယ်နှင့် သဲသောင်ပြင် ကိုယ်စားလှယ်၊ နည်းပြဆရာ ကိုယ်စားလှယ်တစ်ဦးစီ၊ အထက်မြန်မာပြည် ကိုယ်စားလှယ် နှစ်ဦး၊ အောက်မြန်မာပြည် ကိုယ်စားလှယ် နှစ်ဦးတို့ကို မဲဆန္ဒများဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည်။

 

ဖူဆယ်နှင့် သဲသောင်ပြင်၊ နည်းပြဆရာ ကိုယ်စားလှယ်နေရာတို့အတွက် လျှောက်ထားသူနှစ်ဦးစီ၊ အထက်မြန်မာပြည် ကိုယ်စားလှယ်နေရာအတွက် လျှောက်ထားသူသုံးဦး၊ အောက်မြန်မာပြည် ကိုယ်စားလှယ်နေရာအတွက် လျှောက်ထားသူ ငါးဦးရှိခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်-၂ ကလပ်အသင်းများမှ တာဝန်ရှိသူများ အပါအဝင် မဲဆန္ဒရှင် ၂၂၃ ဦးတို့က မဲပေးရွေးချယ်ခဲ့သည်။

 

မဲပေးခွင့်ရှိသူ ၂၂၉ ဦးရှိသော်လည်း ၂၂၃ ဦးသာ လာရောက်ခဲ့ခြင်းဖြစ်သည်။ ဖူဆယ်နှင့် သဲသောင်ပြင်ကိုယ်စားလှယ်နေရာတွင် ဒေါက်တာရဲမွန်ထွဋ်က ၁၆၄ မဲရရှိပြီး ဦးကြည်မင်းသိန်းက ၅၇ မဲသာရရှိပြီး အနိုင်ရရှိခဲ့သည်။ နည်းပြဆရာ ကိုယ်စားလှယ် နေရာတွင် ဦးတင်မြင့်အောင် (၁၇၃ မဲ) က ဦးဉာဏ်ဝင်း (၄၉ မဲ) ကိုလည်းကောင်း၊ အထက်မြန်မာပြည် ကိုယ်စားလှယ် နှစ်ဦးတွင် ဝင်ရောက်ရွေးချယ်ခံသူ သုံးဦးအနက် ဒေါ်မေမြတ်နွယ် (၁၇၁ မဲ)နှင့် ဦးခင်မောင်လေး (၁၅၆ မဲ) က ဦးခင်မောင်သန်း (၈၂ မဲ) ကို လည်းကောင်း၊ အောက်မြန်မာပြည် ကိုယ်စားလှယ်နှစ်ဦးတွင်  ဝင်ရောက်ယှဉ်ပြိုင်သူ ငါးဦးအနက် ဦးဇွဲလှိုင်မှီ (၁၄၇ မဲ) နှင့် ဦးမင်းလှိုင် (၈၆ မဲ) က ဦးထက်အောင် (၈၂ မဲ)၊ ဦးနေလင်းအောင် (၅၀ မဲ)နှင့် ဦးဇော်ဝင်းကြီး (၅၀ မဲ) တို့ကိုလည်းကောင်း အနိုင်ရကာ ရွေးချယ်ခံခဲ့ရသည်။

 

အလုပ်အမှုဆောင်အသစ်များ ရွေးချယ်အပြီးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ကျေးဇူးတင်စကားနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ၂၀၂၀-၂၀၂၄ သက်တမ်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်၊ ဒုဥက္ကဋ္ဌများအဖြစ် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဦးပြည့်ဖြိုးတေဇ၊ အမှုဆောင်များအဖြစ် ဦးခွန်နောင်မြင့်ဝေ၊ ဦးလှဌေး၊ ဦးဇော်မင်းသိန်း (MNL ကိုယ်စားလှယ်)၊ ဦးထောင်ထာထန်း (MNL-2 ကိုယ်စားလှယ်)၊ ဦးခင်မောင်လေး၊ ဒေါ်မေမြတ်နွယ် (အထက်မြန်မာပြည်ကိုယ်စားလှယ်)၊ ဦးဇွဲလှိုင်မှီ၊ ဦးမင်းလှိုင် (အောက်မြန်မာပြည် ကိုယ်စားလှယ်)၊ ဦးတင်မြင့်အောင် (နည်းပြ ကိုယ်စားလှယ်)၊ ဦးသန်းတိုးအောင် (လက်ရွေးစင်ကစားသမား ကိုယ်စားလှယ်)၊ ဦးထွန်းလှအောင် (ဒိုင်လူကြီးကိုယ်စားလှယ်)၊ ဒေါ်မြတ်မြတ်ဦး (အမျိုးသမီးဘောလုံးကိုယ်စားလှယ်)၊ ဒေါက်တာရဲမွန်ထွဋ် (ဖူဆယ်နှင့် သဲသောင်ပြင်ကိုယ်စားလှယ်)၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် ဦးကျော်ဆန်း (အားကစား)၊ ဦးကိုကိုဌေး (ပညာရေး)နှင့် ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေး)တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

 

mdn

 

ဦးဇော်ဇော်သည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ၂၀ဝ၅ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီး ရွေးကောက်ပွဲ စတင်ကျင်းပသည့် ၂၀၁၅ ခုနှစ်တွင်လည်း ဥက္ကဋ္ဌအဖြစ် ထပ်မံဆောင်ရွက်ခွင့်ရခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သမိုင်းတွင် ဒုတိယအကြိမ် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပြီး ဥက္ကဋ္ဌနေရာတွင် ယှဉ်ပြိုင်မည့်သူ မရှိသောကြောင့် ဦးဇော်ဇော်က နှစ်ကြိမ်စလုံး ဝင်ရောက်ရွေးချယ်ခံကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်