မြန်မာနိုင်ငံဗဟိုဘဏ်၏ ပွင့်လင်းသောခြေလှမ်းများ

ဇန်နဝါရီ   


မြန်မာနိုင်ငံဗဟိုဘဏ်သည် တိုင်းပြည်၏စီးပွားရေးကို စီမံခန့်ခွဲရာ၌ အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်မှာ အထူးတလည်ရှင်းပြရန် မလိုအပ်သော ကိစ္စရပ် ဖြစ်ပါသည်။ ၂ဝ၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံဗဟိုဘဏ် ဥပဒေအရ ဒုတိယဥက္ကဋ္ဌ အပါအဝင် ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ၌ လူပုဂ္ဂိုလ်ပြောင်းလဲခန့်ထားမှုများကို ပြုလုပ်ခဲ့ပါ သည်။ ဤကဲ့သို့ ပြောင်းလဲခန့်ထားမှုများ ပြုလုပ်ပြီးနောက်ပိုင်း သတင်း မီဒီယာတို့က မြန်မာနိုင်ငံ ဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်ပုံများ ပိုမို ပွင့်လင်းလာသည်ဟု အသိအမှတ်ပြုတင်ပြလာခြင်းသည် တိုင်းပြည်၏ စီးပွားရေးအတွက် သတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။

 

စီးပွားရေးလုပ်ငန်းရှင်တို့က ဘဏ်များထံမှ ခွင့်ပြုချေးငွေပမာဏ ထက် ပိုမိုထုတ်ချေးထားသောချေးငွေ (စာရင်းပိုထုတ်ချေးငွေ) တို့ကို သုံးနှစ်အထိ တိုးမြှင့်ခွင့်ပြုသည်ဟူသော ညွှန်ကြားချက်ကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လ ကတည်းကပင် ရုံးတွင်း ညွှန်ကြားချက်အဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ အဆိုပါရုံးတွင်း ညွှန်ကြားချက်ကို သာမန်ပြည်သူ လူထုက သိရှိခဲ့ခြင်းမရှိပါ။ သို့သော် မြန်မာနိုင်ငံဗဟိုဘဏ် ဘုတ်အဖွဲ့ အတွင်း အပြောင်းအလဲများ ပြုလုပ်ပြီးနောက်ပိုင်းအထက်၌ တင်ပြထား သည့် ညွှန်ကြားချက်ကို ပြည်သူလူထုထံ နိုဝင်ဘာလတွင် ချပြခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်သူလူထုကြား ထိတွေ့ဆက်စပ်မှုကို ပိုမို နွေးထွေးလာစေရန် စတင်ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။


ယခင်က စီးပွားရေးလုပ်ငန်းရှင်တို့သည် ဘဏ်တို့ထံမှ ချေးယူ ထားသော ချေးငွေတို့ကို တစ်နှစ်အတွင်း တိုးရင်း ပြန်ဆပ်ရသောကြောင့် လုပ်ငန်းရေရှည် လည်ပတ်နိုင်ရေး စီမံခန့်ခွဲရာ၌ များစွာ အခက်အခဲတွေ့ ခဲ့ရပါသည်။ ယခုအခါ လုပ်ငန်းရှင်တို့သည် စာရင်းပိုထုတ်ချေးငွေတို့ကို သုံးနှစ်ကြာမှသာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သောကြောင့် လုပ်ငန်း ရေရှည်လည်ပတ်နိုင်ရေး စီမံခန့်ခွဲရာ၌ များစွာအသက်ရှူချောင်သွားမည် ဖြစ်ပါသည်။ စာရင်းပိုထုတ်ချေးငွေဆိုသည်မှာ ခွင့်ပြုထားသည့်ချေးငွေ ကို အပြည့်အဝ ထုတ်ယူပြီးနောက်ပိုင်း ပုံမှန်ပေးသွင်းရမည့် အတိုးငွေတို့ကို မပေးသွင်းနိုင်၍ ခွင့်ပြုချေးငွေ ပမာဏထက်ပိုမိုသွားခြင်း ဖြစ်ပါသည်။


ဤညွှန်ကြားချက်၏ လိုရင်းသဘောသည် ဘဏ်မှ ချေးယူထားသော ချေးငွေတို့၏ တိုးရင်းအား ပြန်လည်ပေးအပ်ရန် သုံးနှစ်အထိ ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပါသည်။ အပြုသဘောဆောင်သော ညွှန်ကြားချက်ကို ရုံးတွင်းညွှန်ကြားချက်အဆင့်မှ ပြည်သူလူထုသိရှိရန် ချပြခဲ့ခြင်းသည် ကြိုဆိုရမည့် ခြေလှမ်းသစ်တစ်ရပ် ဖြစ်ပါသည်။


နိုဝင်ဘာ ၃ဝ ရက်၌လည်း မြန်မာနိုင်ငံဗဟိုဘဏ်က မိုဘိုင်းစနစ်သုံး ငွေကြေး လွှဲပြောင်းခြင်းဆိုင်ရာညွှန်ကြားချက်တစ်ရပ်ကို ပြည်သူလူထုထံ ချပြခဲ့ပါသည်။ အဆိုပါ မိုဘိုင်းစနစ်သုံးငွေကြေး လွှဲပြောင်းခြင်း ဆိုင်ရာညွှန်ကြားချက်၌ မိုဘိုင်းစနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းကို အဆင့် သုံးဆင့်ခွဲခြား သတ်မှတ်၍ အဆင့် တစ်ခုချင်းအလိုက သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းတို့ကိုပါ အတိအကျ ရှင်းလင်းဖော်ပြထားပါသည်။

 

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိုဘိုင်းစနစ်သုံး၍ ငွေကြေးလွှဲ ပြောင်းမှုပြုလုပ်မည်ဆိုပါက မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ရှင်းလင်းစွာ သိနားလည်နိုင်ပြီဖြစ်ပါသည်။ ထို့ကြောင့် ဗဟိုဘဏ်၏ နိုဝင်ဘာ ၃ဝ ရက် ညွှန်ကြားချက်သည် ပြည်သူလူထုက မိုဘိုင်းစနစ်သုံး ငွေလွှဲခြင်းကို ပိုမိုအသုံးပြုနိုင်စွမ်းရှိလာစေရန် တွန်းအားပေးလိုက် ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ နမူနာအဖြစ် တင်ပြထားသော ညွှန်ကြားချက်နှစ်ရပ်ကို ကြည်ရုံမျှဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်၏ ပွင့်လင်းသောခြေလှမ်းတို့သည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မည်မျှအကျိုးရှိသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း လေးစားစွာ တင်ပြ အပ်ပါသည်။