မြန်မာနိုင်ငံစာရေးဆရာအသင်း မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ငွေကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များ လှူဒါန်း
ရန်ကုန် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံ စာရေးဆရာအသင်း ၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော် ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ငွေကျပ် သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော် တန်ဖိုးရှိ အဝတ်အထည်များအား ပေးအပ်လှူဒါန်းသည်။
သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကန်တော့ခံသက်ကြီးစာပေပညာရှင် ဆရာကြီး ဆရာမကြီးများ၊ မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ထံမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ၁၂၆ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က လက်ခံရယူသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းအား ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် ၂၇၆ သိန်း အား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ အား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူကလည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း အား ဦးပိုက်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှူဒါန်းသည့် ငွေကျပ် ၅ သိန်းအား ဦးခင်မောင်စိုးက လည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် နတ်တော်လဆန်း ၁ ရက်ကို အမျိုးသားစာဆိုတော်နေ့အဖြစ် ၁၃၀၆ ခုနှစ်မှ စတင်သတ်မှတ်ပြီး စာပွဲသဘင်များ ဆင်ယင်ကျင်းပလာခဲ့သည်မှာ ယခု ၁၃၈၆ ခုနှစ် အထိ အကြိမ် ၈၀ ရှိခဲ့ပြီဖြစ်ပါကြောင်း။
နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့ကလည်း စာပေနှင့်ပတ်သက်ပြီး တန်ဖိုးထား အလေးထားပါကြောင်း၊ (၇၅) ကြိမ်မြောက် စိန်ရတုအမျိုး သားစာပေဆု အထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) တွင် နိုင်ငံတော်အဆင့် ကျင်းပခဲ့ပြီး စာပေပညာရှင်ကြီးများအား နိုင်ငံတော်က ချီးမြှင့်သလို နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း သီးခြားချီးမြှင့်ပေးခဲ့ပါကြောင်း။
မြန်မာစာပေ လောကသားတို့၏ “စာဆိုတော်နေ့” သည် သုတ၊ ရသရေးရာအဖြာဖြာကို ရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ၊ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါကြောင်း၊ ယခုလို အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြသည့် နေ့ထူးနေ့မြတ်ကြီးကို မြန်မာနိုင်ငံ စာရေးဆရာအသင်းကြီးက နှစ်စဉ်ဂုဏ်ပြု အမွှမ်းတင်သည့် အထိမ်းအမှတ်အဖြစ် သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့နေခဲ့သည်မှာ ယခုဆိုလျှင် (၃၇) ကြိမ် မြောက်ရှိခဲ့ပြီဟု သိရပါကြောင်း၊ အခက်အခဲ အကျပ်အတည်း အမျိုးမျိုးကြားမှ နှစ်စဉ်မပြတ်သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့ပွဲကျင်းပပေးနေသည့် မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးသည် စာပေကျေးဇူး အထူးထူးကို ရည်စူးပူဇော် ကန်တော့ပွဲများ ကျင်းပပေးနေသည့်အတွက် မင်္ဂလာတရားနှင့် ပြည့်စုံနေပါကြောင်း၊ ယခုလိုအစဉ် အလာကောင်းများကို ဆက်လက်ထိန်းကျောင်း မြှင့်တင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင်စာရင်းကို မြန်မာနိုင်ငံ စာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အမျိုးသားစာပေ တစ်သက်တာဆုရ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က ဖတ်ကြားသည်။
ထို့နောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုး ကန်တော့ကြပြီး ပစ္စည်းနှင့် ငွေများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ကိုယ်စား သိပ္ပကျော်စွာဘွဲ့ရစာရေး ဆရာကြီး ပါမောက္ခဒေါက်တာ မြသိန်းဟန်ကဩဝါဒစကား ပြော ကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများနှင့် စာပေ ပညာရှင်ကြီးများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ယနေ့တွင် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ငွေသား ကျပ်သိန်း ၁၀၀၊ အမျိုးသား ၂၄၁ ဦးအတွက် အင်္ကျီလက်ရှည် (Smart) များ၊ ပုဆိုး (ရွှေလွန်းပျံ) ၂/၈၀ နှင့် Smart လက်ဆွဲအိတ်များ တန်ဖိုးငွေကျပ် ၁၀၇၀၀၄၀၀ နှင့် အမျိုးသမီး ၃၅ ဦးအတွက် ခြုံပဝါများ၊ ပါတိတ်ဝမ်းဆက်နှင့် Smart လက်ဆွဲအိတ်များ တန်ဖိုးငွေကျပ် ၁၉၆၀၀၀၀၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၁၂၆၆၀၄၀ဝ အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များကို ဉာဏ်ပူဇော်ခများ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် စာပေပညာရှင်ကြီးများအနေဖြင့် ပြည်သူလူထု အဆိပ်အတောက်ဖြစ်စေမည့် ညစ်ညမ်းစာပေများ ပပျောက်သွားရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည့်အတွက် စာအုပ်စာပေများကိုလည်း ခေတ်စနစ်နှင့်အညီ ဖုန်း၊ ကွန်ပျူတာများမှတစ်ဆင့် ဖတ်ရှုနိုင်ရေး ချိတ်ဆက်ရန်လိုအပ်ပါကြောင်း၊ လူငယ်များ စာကောင်းပေမွန်များဖတ်ရှုပြီး လမ်းမှန်ရောက်အောင် စာပေဖြင့် စာပေပညာရှင်ကြီးများက ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဉာဏ်ပူဇော်ခများနှင့် ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များအား အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စာပေဗိမာန် စာမူဆုရွေးချယ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများက နိုင်ငံတော်နှင့် စာပေလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


