နေပြည်တော် ဇန်နဝါရီ ၃
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ နံနက်၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၌ ကျင်းပရာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။
ဉီးစွာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂ (က) တွင် ပြဋ္ဌာန်းသော စားသုံးသူကာကွယ်ရေးဟူသည့် အဓိပ္ပာယ်ဖော်ပြချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အဓိကတာဝန်ရှိပါကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဦးစားပေးကုန်စည်များကို ရွေးချယ်သတ်မှတ်၍ ဆောင်ရွက်ရုံမျှသာမက စစ်ဆေးရေးမှူးများကိုလည်း ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်ထားပြီးဖြစ်သည့်အတွက် ကုန်စည်များကို ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့် စစ်ဆေးသွားရန် လိုအပ်ပါကြောင်း။
စစ်ဆေးရေးမှူးများအနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ယူဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာလုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စားသုံးသူရေးရာကော်မတီများ၊ ဦးစီးမှူးရုံးများအနေဖြင့် စားသုံးသူတိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်ကြားသူ၏ နစ်နာဆုံးရှုံးမှု၊ ကျူးလွန်ဖောက် ဖျက်ခံရမှုအပေါ်မူတည်၍ ဥပဒေနှင့်အညီ သင့်လျော်သော အရေးယူမှုများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ယခင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး စီးမှုအခြေအနေများ၊ ကော်မရှင်ကအဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေး၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီးများက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်