နေပြည်တော်၊ ဇန်နဝါရီ ၆

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်- ၅၂ ၌ ကျင်းပရာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စားသုံးသူကာကွယ်ရေးအတွက်  ၂၀၁၇ ခုနှစ်မှ စတင်ပြီး စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) အပါအဝင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center-CICC) ၄၈ ခုကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာ၊ အီးမေးလ်၊ ဖုန်းဖြင့် တိုင်ကြားလာသည့် စားသုံးသူ တိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် အလွယ်တကူ ခေါ်ဆိုတိုင်ကြားနိုင်ရန် Consumer Call Center (၁၅၃၅) ကို ၂၀၂၁ ခုနှစ်မှစတင်၍ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ လိုင်းခွဲနံပါတ်များ တိုးချဲ့ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ တိုင်ကြားလာသော အမှုများကို ဖြေရှင်းထားသည့်နည်းလမ်းများအား ကိုးကားနိုင်ရန်နှင့် လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ “စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ရာတွင် စံပြုဖွယ်ရာအမှုများ” စာအုပ်ကို နှစ်အလိုက် ပြုစုထုတ်ဝေလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၃၃၂ မှု ရှိသည့်အနက် ကုန်စည်ဆိုင်ရာတိုင်ကြားမှု ၃၆ မှု၊ ဝန်ဆောင်မှုဆိုင်ရာတိုင်ကြားမှု ၂၉၆ မှုရှိပြီး ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားမှုများအနက် ဆယ်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးနှင့် သက်ဆိုင်သည့် တိုင်ကြားမှုများ အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။ 

ထို့နောက် ကော်မရှင်အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ကော်မရှင်ကအဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်