နေပြည်တော် ဇွန် ၂၁
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည်အစည်းအဝေး (၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)နှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများတက်ရောက် ကြပြီးတိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက ဗွီဒီယိုကွန်ဖရင့် စနစ် ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ တန်းတူပြိုင်တူဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားများအဖြစ် တာဝန်သိသိဖြင့်ပါဝင်ဆောင်ရွက်ရန်၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စည်းလုံး ညီညွတ်စွာဖြင့် အချင်းချင်းအပြန်အလှန် အကူအညီပေးရန်၊ နိုင်ငံတော် အကျိုး ပြုလုပ်ငန်းများတွင်စုစည်းညီညွတ်စွာဖြင့်ပါဝင် ဆောင်ရွက်ရန်ဆိုသည့် ရည်ရွယ် ချက် ၄ ရပ်ကိုအခြေခံလျက် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် ပါတီနိုင်ငံရေးအနှောင်အဖွဲ့ ကင်းပြီး မိမိတို့ကိုယ်တိုင် ဆန္ဒပြုလျှောက်ထားသည့် အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အမျိုးသား အကျိုးစီးပွား ကာကွယ်သည့်လုပ်ငန်းများကို လွတ်လွတ်လပ်လပ်ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း။
မိမိတို့အဖွဲ့ကြီး၏ အခြေခံသည် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များပင် ဖြစ်ကြောင်း၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ အရည်အသွေးတိုးတက် ကောင်းမွန်မှသာ ပြည်နယ်/တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တိုးတက်ကောင်းမွန်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးလည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များအနေဖြင့် စစ်မှုထမ်း ဟောင်းအဖွဲ့ကြီး၏ ရည်ရွယ်ချက် ၄ ရပ်၊ ရှေ့လုပ်ငန်းစဉ် ၇ ရပ်၊လုပ်ငန်းကဏ္ဍကြီး ၅ ရပ်ကိုအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်သကဲ့သို့ ညီလာခံ (၂၀၂၁) တွင် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏ လမ်းညွှန်မှာကြားချက် များကိုလည်း တစိုက်မတ်မတ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုအခါ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို တပ်မတော်နှင့်ပူးတွဲ၍ ထမ်းဆောင်နေကြရသည့်အတွက် မိမိအနေဖြင့်များစွာ လေးစားဂုဏ်ယူမိပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို သုံးသပ် လျက်တာဝန်ပေးအပ်လာသည့်အခါ တာဝန်ယူနိုင်ရန်အတွက်လည်း တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းလိုက်သော်လည်းကောင်း ပြင်ဆင်ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့များ တွင် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေးတာဝန်ခံများခန့်အပ်ရေး နှင့်လစ်လပ်တာဝန်နေရာများကို ပူးတွဲထမ်းဆောင်ရေးစာတမ်းအား ဗဟိုအမှုဆောင် အဖွဲ့ အတွင်းရေးမှူးက ဖတ်ကြားတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ များနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များ၊ စစ်ဆေးတွေ့ရှိ ချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက (၂၀၂၂-၂၀၂၃)ဘဏ္ဍာ ရေးနှစ် ရသုံးမှန်းချေငွေစာရင်းကို ဖတ်ကြားခြင်း၊ အတည်ပြုခြင်းများဆောင်ရွက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟိုကောင်စီဝင် တပ်မတော်အရာရှိကြီးများက ၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ များကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ကြပြီး ဆွေးနွေးတင်ပြ မှုများနှင့်ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေး ခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့တွင် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရေး၊ နယ်မြေကြီးကြပ်ရေးတာဝန်ခံများ ခန့်အပ်ရေးနှင့် လစ်လပ်တာဝန်နေရာများကို ယာယီပူးတွဲထမ်းဆောင်ရေးတို့နှင့် သက်ဆိုင်သည့် စာတမ်းများကို အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ဆောင်ရွက်ကြပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)