ရန်ကုန်  ၁၈  ဇူလိုင်

မြန်မာနိုင်ငံ ဆေးကောင်စီ၏ (၂၀၁၆-၂၀၂၀) လေးနှစ်သက်တမ်းအတွင်းဆောင်ရွက်ချက်များနှင့် ဆေးကောင်စီ အသစ် ပြန်လည်ဖွဲ့စည်းခြင်း ကိစ္စရပ်များ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန် တွင် ပြုလုပ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ ပီပြင်ထိရောက်မှုသည် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ကြီးဌာန၏ပုံရိပ်၊ ဆေးပညာလောက၏ ဂုဏ်သိက္ခာမြင့်မားမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များအတွက် အထူး အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၏ ရည်ရွယ်ချက်(၇)ရပ်ဖြစ်သော (၁)အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊  (၂) ဆရာဝန်များ၏ ဆေးပညာဗဟုသုတ၊ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးနှင် အဆင့် အတန်းကို အစဉ်တစိုက် ထိန်းသိမ်းမြှင့်တင်ရန်၊ (၃) ဆေးပညာကို ခေတ်နှင့်အညီ လေ့လာသင်ကြား နိုင်စေရန်၊ (၄)        ဆရာဝန်များ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ (၅)ဆေးပညာတိုးတက်မှုကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊ (၆) ဆရာဝန်ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများ လိုက်နာ စောင့်ထိန်းရေးကို ကြပ်မတ်ထိန်းသိမ်းရန်နှင့် (၇) ကောင်းမွန်သော ဆေးကုသမှု ပတ်ဝန်းကျင်ဖြစ်ထွန်းစေရန် တို့ကို ရရှိစေရန်အတွက် (က)ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ (ခ) ဆေးပညာသင်ကြား ရေးနှင့် လေ့ကျင့်ရေးလုပ်ငန်းများ အရည်အသွေးနှင့် အဆင့်အတန်းမြင့်မားရေးအတွက် စံချိန်စံညွှန်း သတ်မှတ် ရေးနှင့် ကြီးကြပ်ရေးကော်မတီနှင့် (ဂ) ကုသရေးဆိုင်ရာ အရည်အသွေး၊ အဆင့်အတန်းနှင့် လုံခြုံမှုအတွက် စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တို့ဖြင့်လုပ်ငန်းများ ဆောင်ရွက်နေမှုများသည် ပီပြင်မှုရှိပြီး ကျေနပ်ဖွယ်ရာရှိပါကြောင်း၊ ဆေးပညာသင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများ စံချိန်စံညွှန်း သတ်မှတ်ရေးနှင့် ပြည့်မီကြောင်း တရားဝင်အသိအမှတ်ပြုရေး ကော်မတီ (Accreditation Committee) ၏ ဆောင်ရွက်မှုများကြောင့် မိမိတို့အနေဖြင့် ဆေးပညာလောက အဆင့်မြင့်မားလာသည်ကို တွေ့မြင်ရပါကြောင်း။

မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်ရွယ်ချက်တစ်ရပ်ဖြစ်သော - ပြည်သူများအနေဖြင့် အရည်အသွးပြည့်ဝသည့်  ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိစေရေးနှင့် လူနာများ ဘေးကင်းလုံခြုံမှုတို့ကို ရရှိစေရန်အတွက် မြန်မာနိုင်ငံ ဆေးကောင်စီ၏ စည်းကမ်းထိန်းသိမ်းဆောင်ရွက်မှုများဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးပညာရှင်ဆရာဝန်များသည် ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု ပြည့်ဝရုံမျှဖြင့်မရဘဲ အရည်အသွေး ပြည့်ဝမှုနှင့် အထူးသဖြင့် ဆေးပညာကျင့်ဝတ်သိက္ခာ (medical ethics) စည်းကမ်းလိုက်နာမှုတို့သည် ဆေးပညာရှင်တိုင်း အဓိက တန်ဖိုးထားကာ အလေးအနက်ပြုလုပ်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ (၂၀၁၆) ခုနှစ်မှ ယခုအထိ (၄) နှစ်တာကာလအတွင်း မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်း ဆောင်တာများကို တတ်နိုင် သမျှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့များနှင့် တာဝန်ရှိသူများအားလုံးကို ဝန်ကြီးဌာန၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ယခုနှစ်တွင် အသစ်ဖွဲ့စည်းမည့် မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်လည်း လုပ်ငန်းများ ပိုမိုပီပြင်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ကာ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ စည်းကမ်းထိန်းသိမ်းသည်နှင့် တစ်ပြိုင်တည်းတွင် စည်းကမ်းကို လိုက်နာရန် လိုအပ်သည့်အချက်များကို လမ်းညွှန်ပေးခြင်း၊ ကြိုတင်သတိပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းကို ကာကွယ်တားဆီးရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသိပေးခြင်းတို့ကိုပါ တက်ကြွစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းများသည် ကြီးမားကျယ်ပြန့်ပြီး တင်စားပြောဆိုရလျှင် တရားသူကြီး သဖွယ်၊ ဥပဒေဝန်ထမ်းသဖွယ်၊ တက္ကသိုလ်ဆရာ/ဆရာမသဖွယ် ပုံစံများဖြင့် တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီသည် (၄)နှစ်တာကာလအတွင်း ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၊ အထူးအစည်းအဝေးနှင့် ဗဟိုကောင်စီ အစည်းအဝေး စုစုပေါင်း (၇၁) ကြိမ်တို့ဖြင့် ဆွေးနွေးမှု၊ ညှိနှိုင်းမှုများဖြင့် ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်နေသော မြန်မာနိုင်ငံဆေးကောင်စီကို တိုက်ရိုက်ညွှန်ကြားမှုပြုလုပ်၍မရဘဲ အကြံပေးမှုများကိုသာပြုလုပ်နိုင်သည် ဖြစ်သဖြင့် ကောင်စီဝင်များအနေဖြင့် အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ဘက်စုံ၊ ကဏ္ဍစုံမှ ရှုထောင့်အမြင်အမျိုးမျိုးကို ဆွေးနွေးတိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်ကြစေလိုပါကြောင်း၊ အချို့သော ပြည်ပနိုင်ငံများမှ ဆေးပညာဘွဲ့ရရှိလာသူများသည် လူနာများကို လက်တွေ့ကုသမှု အတွေ့အကြုံ မရှိသဖြင့်  ပြည်ပနိုင်ငံမျိုးစုံမှ ဆေးပညာဘွဲ့ရယူသူများ မြန်မာနိုင်ငံ၌ ဆေးကုသမှုလုပ်ငန်းများလုပ်ကိုင်နိုင်ရန် အတွက် မြန်မာ နိုင်ငံဆေးကုသခွင့်လိုင်စင်စာမေးပွဲကို ယခုထက်ပိုမို တင်းကြပ်ကာ ဆောင်ရွက်စေလိုပါ ကြောင်း၊ ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့် စည်းကမ်းများကိုလည်း အထွေထွေရောဂါကုဆရာဝန်များ အပါအဝင် ဆေးပညာရှင်များအားလုံးသိရှိစေရေးဆောင်ရွက်စေလိုပြီး ဆေးတက္ကသိုလ်များ၌ တတိယနှစ် သင်တန်းများတွင်လည်း မြန်မာနိုင်ငံဆေးကောင်စီမှ တာဝန်ရှိသူများက ဆေးပညာကျင့်ဝတ်နှင့် စည်းကမ်း ဥပဒေများနှင့်ပတ်သက်၍ ဟောပြောပို့ချမှုများ ပြုလုပ်စေလိုပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ အနေဖြင့် "ဆေးပညာရှင်များအတွက် ပညာရှင်ပီသသော အပြုအမူဆောင်ရွက်မှုများဆိုင်ရာကို စည်းကမ်းနှင့် ကျင့်ဝတ် စာအုပ်ထုတ်ဝေခဲ့ခြင်းသည် အလွန်အရေးကြီးသည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ ဆေးပညာရှင် များအနေဖြင့် အဆိုပါ ကျင့်ဝတ်စည်းကမ်းအတိုင်း ကျင့်သုံးရန် အရေးကြီးပါကြောင်း၊ ဘုတ်အဖွဲ့အသိအမှတ်ပြု အထူးကုဆရာဝန်များအဖြစ် မွေးထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆေးပညာဘာသာရပ် အဖွဲ့များက ဦးစားပေးအနေဖြင့် ဆွေးနွေးတိုင်ပင်ကာ မြန်မာနိုင်ငံဆေးကောင်စီနှင့် ပူးပေါင်း၍ အမြန်ဆုံး အကောင်အထည်ဖော်စေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆေးကောင်စီ များတွင် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆောင်တာများအား အမြဲ မပြတ်လေ့လာသုံးသပ်ပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီသည်များကို လုပ်ဆောင်စေလိုပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၏ ဆွေးနွေးချက်များ၊ ဆုံးဖြတ် ချက်များ၊ အကြံပြုချက်များကို ဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအက်စ်ကျော်လှက "မြန်မာနိုင်ငံ ဆေးကောင်စီ လေးနှစ်သက်တမ်း (၂၀၁၆-၂၀) အတွင်း ဆောင်ရွက်ချက်များနှင့် တိုးတက်ပြောင်းလဲမှုများ" ကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် မြန်မာနိုင်ငံဆေးကောင်စီဝင်များက အထွေထွေ ဆွေးနွေးအကြံပြုမှုများ ပြုလုပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးအပါအဝင် မြန်မာနိုင်ငံဆေးကောင်စီ နာယကများက မြန်မာနိုင်ငံ ဆေးကောင်စီတွင် (၂၀၁၆)ခုနှစ်မှ (၂၀၂၀) ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)