နေပြည်တော် ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသည် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် စီးပွားရေးဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသင်းတစ်ခုဖြစ်ပြီး ယင်းအသင်းကြီး၏ (၃၁)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးမှ တာဝန်ရှိသူတို့၏ စကားသံတို့ကို ဖော်ပြလိုက်ပါသည်။
ဦးဆန်းလင်း ( မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
ကျွန်တော်တို့အသင်းအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီများတင်သွင်းရရှိရေး၊ ပြည်တွင်း စားသုံးဆီဖူလုံရေး၊ စားသုံးသူများကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ပြည်တွင်းမှာ ဆီထွက်သီးနှံ ထွက်ရှိမှုအားနည်းတဲ့အတွက် ပြည်ပကနေ တင်သွင်းဖြန့် ဖြူးရောင်းချနေရတာကြောင့် ဆီထွက်သီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ပြီး စားသုံးဆီဖူလုံရေးကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီများကို ပြည်ပပေါက်ဈေးအတိုင်း အပတ်စဉ်တွက်ချက်ထုတ်ပြန်ပြီး ရောင်းချပေးလျက်ရှိပါတယ်။ ဝယ်ယူရရှိသူများအနေနဲ့ အပတ်စဉ် တွက်ချက်ထားတဲ့ ရည်ညွှန်းဈေးအပေါ်မှာ ၂ ရာခိုင်နှုန်း အကျိုးအမြတ်နဲ့ စရိတ်စကပေါင်းပြီး ရောင်းချ ပေးရမယ်လို့ သတ်မှတ်ထားပါတယ်။ စားသုံးသူများအနေနဲ့ စိုးရိမ်စိတ်နဲ့ စားသုံးဆီဝယ်ယူစုဆောင်းတာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။
ယနေ့နှစ်ပတ်လည်းအစည်းအဝေးဟာ ၃ နှစ်တစ်ကြိမ်ကျင်းပတဲ့ အမှုဆောင်သက် တမ်းရွေး ချယ်တင် မြှောက်ပွဲလည်းဖြစ်ပါတယ်။ ဆီထွက်သီးနှံအများဆုံးထွက်ရှိတဲ့ ဒေသများအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာ အသင်း ခွဲပေါင်း(၄၄)သင်းရှိပါတယ်။ ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပအထိ တင်ပို့နိုင်ဖို့ နိုင်ငံရဲ့စီးပွားရေး ဦးတည်ချက်မှာပါဝင်တဲ့အတွက် အသင်းအနေနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို နိုင်ငံတော်အကြီး အကဲများ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်လျက်ရှိပါတယ်။
ဦးမောင်မောင်ဇော် ( MD- Global Good Pure Group)
IV-58(Iodine Value)ရှိတဲ့ နိုင်ငံတကာအရည်အသွေးမီ စားသုံးဆီတွေကို အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံက တင်သွင်းနေတာဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ဆီတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ စမ်းသပ်စစ်ဆေးပြီးမှ ဖြန့်ဖြူးရောင်းချတာပါ။ အရင်ကတော့ ကုမ္ပဏီတွေအစီအစဉ်နဲ့ ဖြန့်ဖြူးရောင်းချ တာပါ။ အခုချိန်မှာတော့ ရောက်ရှိလာတဲ့ဆီတွေကို စားသုံးသူတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံ အပ်နှံပါတယ်။ သူတို့ကတစ်ဆင့် ပြည်နယ်နဲ့တိုင်းဒေသများက အသင်းအဖွဲ့နဲ့ တာဝန်ရှိသူများထံဖြန့်ဝေပြီး စားသုံးသူထံ ဖြန့်ဖြူးရောင်းချပေးပါတယ်။ စားသုံးဆီတင်သွင်းမှုကဏ္ဍမှာ လုံလောက်မှုရှိပါတယ်။ နိုင်ငံတော်အပိုင်းကလည်း စားသုံးဆီအပြည့်အဝတင်သွင်းဖို့အတွက် ကူညီဆောင်ရွက်ပေးနေပါတယ်။ စားသုံးသူများအနေနဲ့ ကောလာဟလတွေကြားပြီး မလိုအပ်ပဲ စုဆောင်းတာမျိုး မလုပ်သင့်ပါဘူး။ စားသုံးဆီကိုလျော့ပြီး စားသုံးသင့်ပါတယ်။ နိုင်ငံတော်က ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနဲ့ စားသုံးဆီများ စနစ်တကျတင်သွင်းရေးအပိုင်းမှာ အကောင်းဆုံးဖြစ် အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် ဆီထွက်သီးနှံနဲ့ စားသုံးဆီကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက် လာအောင် ဝိုင်းဝန်ဆောင်ရွက်ပြီး ပြည်ပအထိတင်ပို့နိုင်ဖို့အတွက် ကြိုးစားနေတဲ့အပြင်၊ နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနဲ့ အသင်းတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းမှ တိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
ဦးအောင်ရွှေ ( ငွေသဇင်မင်း မြေပဲဆီသန့်လုပ်ငန်းရှင်)
ကုန်ကြမ်းတွေရှားပါးပြီး ဈေးတက်တဲ့အပိုင်းတွေကြောင့် ကုန်ကြမ်းမှာ ခက်ခဲမှုအနည်းငယ်ရှိတယ်။ နိုင်ငံတော်ကလည်း ဆီထွက်သီးနှံတွေကို ဖူလုံစွာထုတ်လုပ်နိုင်အောင် ပံ့ပိုးဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အပိုင်းကလည်း အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေး MSMEလုပ်ငန်းတွေကို ဦးစားပေးနေတာတွေ့ရပါတယ်။ ပြည်တွင်းမှာရှိတဲ့ MSME လုပ်ငန်းတွေ ရှင်သန်ဖွံ့ဖြိုးမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာပါ။ ပြည်ပကတင်သွင်း တဲ့ စားသုံးဆီကဈေးသက်သာတော့ စားသုံးသူတွေအတွက်လည်း အဆင်ပြေ ပါတယ်။ မြေပဲဆီရောင်းဈေးက မြင့်နေတဲ့အတွက် ဝယ်ယူသုံးစွဲဖို့အဆင်မပြေဘူး။ ပြည်တွင်းမှာရှိတဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီဟာ ကျန်းမာရေးနဲ့ညီညွတ်ပေမယ့် ထုတ်လုပ်မှု လျော့ပါးလာပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီကို ဖူလုံစွာထုတ်လုပ်နိုင် မယ်ဆိုရင် ပြည်တွင်းထုတ်ကုန်ကိုပဲ ဖူလုံစွာစားသုံးနိုင်ကြမှာပါ။ စားသုံးသူလက် လှမ်းမီတဲ့ စားအုန်းဆီကိုပဲ အခြေခံစားသုံးသူတွေ သုံးစွဲနေပြီး နိုင်ငံတော်ကလည်း ပြည်တွင်းစား သုံးဆီဖူလုံအောင် အစဉ်မပြတ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဆီစက်ပိုင်ရှင် တစ်ဦးအနေနဲ့ မိမိလုပ်ငန်းကိုဆောင်ရွက်ရာမှာ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုး၊ တိုင်းပြည်အကျိုးဆိုတဲ့အမျိုးသား အကျိုးစီးပွားကို တတ်စွမ်း သမျှ ပါဝင်ဆောင်ရွက်သွားမှာပါလို့ ပြောကြားလိုပါတယ်။
ဒေါ်မိုးမိုးတင် ( လသာမြို့နယ် စားသုံးဆီလက်လီ/လက္ကား ဖြန့်ဖြူးရောင်းချသည့် ဆီကိုယ်စားလှယ်)
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ကျွန်မတို့အတွက် ရောင်းချပေးတဲ့ ခွဲတမ်းကို လသာမြို့နယ်က စားသုံးသူတွေလက်ဝယ် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများ စီစဉ်ပေးမှုအရ နေ့စဉ်စားသုံးသူတွေ အဆင်ပြေအောင် သက်သာသော ဈေးနှုန်း နဲ့တိုက်ရိုက်ဝယ်ယူရရှိနိုင်အောင် တနင်္လာနေ့ကနေ စနေနေ့အထိ လက်လီလက်ကား ရောင်းချပေးနေပါတယ်။ ပြည်ပကတင်သွင်းတဲ့ဆီကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး စားသုံးသူများလက်ထဲ တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ ပြည်ပကဆီတန်ချိန်တိုးသွင်းဖို့ ရှိတယ်လို့ကြားသိရတဲ့အတွက် ပြည်တွင်းစားသုံးမှုဖူလုံပြီး လုံလောက်ပိုလျံလာမှာပါ။ ကျွန်မတို့အနေနဲ့ စားသုံးသူတွေကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာမှာလည်း အဆင်ပြေစေအောင် ကူညီဆောင်ရွက်သွားမှာပါ။
ဓာတ်ပုံ - ကနူး
အင်တာဗျူး - မော်ညိမ်း