ရန်ကုန် ဒီဇင်ဘာ ၁၁

 

အင်ဒိုနီးရှားသံရုံးသည် မြန်မာနိုင်ငံရှိ အင်ဒိုနီးရှားအသိုင်းအဝိုင်းနှင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စိန်ခန်းသာနှင့် ကန်ပြကျေးရွာရှိ မိသားစုပေါင်း ၁၂၅ စုအား အစားအစာလှူဒါန်းခြင်းအပြင် လှိုင်သာယာမြို့နယ်မှ မိသားစု ရှစ်စုကို အစားအစာရောင်းချခြင်းဖြင့် ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ရေး သင်တန်းပေးရန် စီစဉ်လျက်ရှိကြောင်း၊ မိသားစု တစ်စုချင်းစီသည် အစားအစာရောင်းရန် လှည်း နှင့် လိုအပ်သော ချက်ပြုတ်ပစ္စည်းများ လက်ခံရရှိမည်ဖြစ် ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ပါမောက္ခ ဒေါက်တာ Iza Fadri သည် အောက်တိုဘာ ၂၁ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်ထံသို့ N95 နှာခေါင်းစည်း ၅၀၀ နှင့် အင်ဒိုနီးရှား Kalbe Farma မှ ထုတ်လုပ်သော Ferofort သွေးဆေးဘူး ၆၄၀ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ လွန်ခဲ့သောနှစ်များက အင်ဒိုနီးရှားသံရုံးနှင့် အမျိုးသားသွေးဌာနတို့ ပူးပေါင်း၍ သွေးလှူဒါန်းပွဲများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး အမျိုးသားသွေးဌာနအတွက် မျက်နှာအကာများနှင့် ကျန်းမာရေးဖြည့်စွက်ဆေးဝါးများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးသည် အမျိုးသား သွေးဌာန၊ အစ္စလာမ်အခမဲ့ဆေးရုံ (ရန်ကုန်)၊ အရုဏ်ဦးပညာရေးစင်တာ (ရန်ကုန်)၊ လှိုင်သာယာ၊ စိန်ခန်းသာနှင့် ကန်ပြ ကျေးရွာရှိ လူမှုအသိုင်းအဝိုင်းများအတွက် အာဆီယံ မိတ်ဆွများထံမှ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို Facility Quarantine Center များသို့ ပြန်လည်ဖြန့်ဝေပေးသည့် မြန်မာ-အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်း (MAWFA) တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

အင်ဒိုနီးရှားသံရုံးသည် အစ္စလာမ်အခမဲ့ဆေးရုံ (ရန်ကုန်)၊ အရုဏ်ဦးပညာရေးစင်တာနှင့် ရန်ကုန်ရှိ မိဘမဲ့ ဂေဟာများကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၃ ရက်က အင်ဒိုနီးရှားသံအမတ်ကြီးက အစ္စလာမ်အခမဲ့ ဆေးရုံ၏ ဥက္ကဋ္ဌ Mr. Moosa A. Madha အား ဆေးဝါးများ ပေးအပ်ခဲ့ကြောင်းနှင့် မိဘမဲ့ဂေဟာများအတွက် အစားအစာများ၊ ဆေးဝါးများနှင့် ကလေးများ စာလေ့လာရာတွင် အကူအညီဖြစ်မည့် ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

Facility Quarantine Center များသို့လည်း မြန်မာ-အာဆီယံအမျိုးသမီးများ ချစ်ကြည်ရေးအသင်းက အင်ဒိုနီးရှား သံရုံးနှင့် ပူးပေါင်း၍ အောက်ဆီဂျင်ဘူး ခုနစ်လုံးကိုလည်း မြန်မာ-အာဆီယံ အမျိုးသမီးများ ချစ်ကြည်ရေးအသင်းမှ တစ်ဆင့် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်