မန္တလေး ၂၀ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ နှစ်စဉ် ပေးအပ်ချီးမြှင့်သော ရှူးမန်းဆုကို ယခုနှစ်မှာ အမျိုးသမီးအခွင့်အရေးများအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ လွေးပိုးငယ်၊ လူ့အခွင့်အရေးဆိုင်ရာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အသင်းတို့ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ရောပသမဂ္ဂမှ နှစ်စဉ် ပေးအပ်ချီးမြှင့်သော ရှူးမန်းဆုများသည် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အစရှိသည်တို့၏ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးစံနှုန်းများ တိုးတက်မြှင့်မား လာစေရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ဆောင်မှုများကို ဂုဏ်ပြုအသိမှတ်ပြုခြင်း ဖြစ်သည်။
“လေးကြိမ်မြောက်အဖြစ် ကျွန်တော်တို့က အလင်းပြမီးလျှံကို သယ်ဆောင်လာပေးတဲ့ သူတွေ၊ အကျဉ်းထောင်တွင်း၊ တရားရုံးတော်အတွင်း သို့မဟုတ် မြန်မာနိုင်ငံတစ်ဝှမ်းက ကျေးရွာတွေမှာ အများအကျိုးသယ်ပိုးရင်း လင်းလက်တောက်ပနေကြတဲ့ သူတွေကို ကျွန်တော်တို့ အသိအမှတ်ပြုကြမှာပါ။ သူတို့က ပြည်ထောင်စုမြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေကြသူ တွေပဲဖြစ်ကြပါတယ်"ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုသည်။
ရှူးမန်းဆုများကို ဥရောပသမဂ္ဂ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှ တစ်ခုဖြစ်သည့် ရောမစာချုပ်၏ နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်စတင် ပေးအပ်ခဲ့သည်။ အဆိုပါ ဆုကို မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတို့အတွက် ၎င်းတို့၏ ဘဝများကို ပေးဆပ်ပြီး စွမ်းစွမ်းတမံ ရပ်တည်လှုပ်ရှားခဲ့ကြသော သူများကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ကျွမ်းကျင်ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများအတွက် ကွန်ရက်တစ်ခုကို ဖန်တီးလုပ်ဆောင် ပေးနိုင်ခဲ့ပါသည်။
၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်ပေးအပ်ခဲ့သော ရှူးမန်းဆုများကို NLD မှ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ၊ ငြိမ်း (Shalom) ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဒေါ်ဂျာနန်းလတော် နှင့် Equality Myanmar မှ အမှုဆောင် ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်း တို့က လက်ခံရရှိခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၇၀ ပြည့်နှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် ရှူးမန်းဆုများကို Myanmar Now မှ အယ်ဒီတာချုပ် ကိုဆွေဝင်း၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ ချယ်ရီဇာဟောင်နှင့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်သန်းထွေး တို့မှ အသီးသီး လက်ခံရရှိခဲ့သည်။
၂၀၁၉ ခုနှစ်တွင် အဆိုပါ ဆုကို ကျား၊ မရေးရာနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ၊ ငြိမ်းချမ်းရေး ထောက်ခံအားပေးသူ ဦးအောင်ကျော်မိုး နှင့် လူအခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ဦးရောဘတ်စန်းအောင် တို့မှ လက်ခံရရှိခဲ့သည်။
မို့မို့


