ရန်ကုန် ၁၇ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်း ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သော တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ နှင့် ဆန်ကုန်သည်များ စုဖွဲ့ပြီး ဒေသကော်မတီဖွဲ့စည်း၍ မိမိဒေသကို အခြေပြုပြီး ဆန်စပါးကဏ္ဍဖွံ့ဖြိုတိုးတက်စေရေးအတွက် ရည်ရွယ်၍ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်(၄)မြို့နယ်မှ ဒေသကော်မတီ(၂) ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇော်ဦး က ဒေသကော်မတီ(၂) ရန်ကုန်တိုင်းဒေသကြီး ဖွဲ့စည်းရေး လုပ်ငန်းစဉ်များအပေါ် ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဒေသကော်မတီ(၂) ရွေးချယ်ဖွဲ့စည်းခြင်းကို ကြီးကြပ်မည့် လုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များက နေရာယူပြီး တက်ရောက်လာကြသည့် ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များမှ မြို့နယ်အလိုက် ကိုယ်စားလှယ်(၄၀)ဦးထဲမှ ဒေသကော်မတီ ကိုယ်စားလှယ်(၂၀)ဦးအား အသီးသီးရွေးချယ်ခဲ့ပြီး၊ အဆိုပါ ဒေသကော်မတီ ကိုယ်စားလှယ်(၂၀) ဦးမှ မြို့နယ်အလိုက် ကိုယ်စားပြု ဒုတိယဥက္ကဌ နှင့် တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ ပြန်ကြားရေးမှူးအဖြစ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်များအား မြို့နယ်အသီးသီးမှ တက်ရောက် လာသူများ၏ သဘောထားဆန္ဒနှင့်အညီ ရွေးချယ်ခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ရွေးချယ်ခံ ဒေသကော်မတီဝင်များသည် ဒေသကော်မတီ ဖွဲ့စည်းပုံစည်းမျဉ်းအား လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ ဒေသကော်မတီ ဥက္ကဌနှင့် အတွင်းရေးမှူး တို့အား ဖွဲ့စည်းပုံစည်းမျဉ်၊ Letter Head၊ စည်းတံဆိပ်တုံးများ ပေးအပ်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် က နိဂုံးချုပ် အမှာစကားပြေားကြားခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ တောင်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တောင်သူ ကိုယ်စားလှယ်များ၊ ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။
သတင်းနှင့်ဓါတ်ပုံ-နိုင်လင်းကျော်(ဒလ)