ရန်ကုန် ၂၂ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မေတ္တာရွာ နိုင်ငံတော်အသိအမှတ်ပြု ကျိုက္ကလော့သီလှရှင် ပညာရေးကျောင်းမှ သီလရှင်ကျောင်းသူ (၁၉၄)ပါးတို့အား မြန်မာနိုင်ငံ ဆရာဝန်အသင်း (အမျိုးသမီးဆရာဝန်အဖွဲ့) ဉက္ကဋ္ဌ ဒေါက်တာဒေါ်ခင်မာအေး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကျင် ဦးဆောင်ကာ စက်တင်ဘာ ၂၁ ရက်က ကျန်းမာရေးဆိုင်ရာ အသိပညာဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းနှင့် သက်ဆိုင်သော ရောဂါအလိုက် ဆေးဝါးများ ပေးအပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အမျိုးသမီးဆရာဝန်အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)၏ ရည်ရွယ်လုပ်ငန်းဆောင်ရွက်ချက် တစ်ခုဖြစ်သော မြို့နယ်၊ ကျေးရွာဒေသများအရောက် ကွင်းဆင်းကာ ပြည်သူများထံသို့ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ပညာပေးဟောပြော၊ အခမဲ့ဆေးဝါးကုသပေးခြင်းပင် ဖြစ်ပါကြောင်း အဖွဲ့ဉက္ကဋ္ဌက ဒေါက်တာဒေါ်ခင်မာအေးက ပြောသည်။ ရှေးဦးစွာ သီလရှင်ပညာရေးကျောင်းဝင်းအတွင်းရှိ “သာသနာ့ဒီပါ” ဓမ္မာရုံတော်ကြီး ခန်းမဆောင်တွင် အဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည်ဆိုသည့် ခေါင်းစဉ်ဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် မိမိနှင့်ပတ်ဝန်းကျင် ကျန်းမာရေးတို့အတွက် မိမိလက်ကို စင်ကြယ်အောင် နည်းစနစ်မှန်စွာ လက်ဆေးခြင်း၊ လေမှတစ်ဆင့် ကူးစက်ပြန့်ပွား ရောဂါများ မဖြစ်ပွားရန် ချောင်းဆိုးနှာခြေခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသေးစိတ် ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ အမျိုးသမီးဆရာဝန် အမှုဆောင်အဖွဲ့ဝင် သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ အထွေထွေဆရာဝန်များပါဝင်သော အမျိုးသမီးဆရာဝန် (၁၂)ဦးတို့က အုပ်စု(၆)အုပ်စုခွဲကာ သီလရှင်ဆရာလေးများအား ဆီးချို သွေးချို စစ်ဆေးခြင်း၊ အရေပြားရောဂါဆိုင်ရာများ၊ အမျိုးသမီးရောဂါများကို ရှာဖွေစစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဖွဲ့ရန်ပုံငွေနှင့် ဆေးကုဆရာဝန်များမှ ငွေကျပ် ၃၅ဝဝဝဝ နှင့် ၁၈ဝဝဝဝ တန်ဖိုးရှိ ကုန်ခြောက်ပစ္စည်းများကို တာဝန်ခံသီလရှင်ဆရာလေးထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဆန်း(မင်္ဂတောင်ညွန့်)


