ရန်ကုန် ၁၇ မတ်
မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် (၆) ကြိမ်မြောက် ဆေးရုံစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ယနေ့၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ရန်ကုန်၌ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်သည်။
အခမ်းအနား အစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်မှု ပညာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာကျော်ဝင်းက ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့၏ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ Joint Commission International (JCI) မှ Principal consultant Dr. Thomas W. Kozlowski က “Introduction to Joint Commission International Standards and Patient Safety Goals and Tracers” ခေါင်းစဉ်ဖြင့် ဆေးရုံများ နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများစံချိန်စံညွှန်းပြည့်မီကြောင်း Joint Commission Internationalမှ အသိအမှတ်ပြုရန်အတွက် ကိုက်ညီရမည့် စံအချက်အလက်များ၊ လူနာများဘေးကင်းစိတ်ချစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေးဆိုင်ရာ ရည်မှန်းချက်များ နှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ကုသစောင့်ရှောက်ဝန်ဆောင်မှု စွမ်းဆောင်ရည် ဆိုင်ရာ ဆန်းစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဟောပြော ပို့ချသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက Dr. Thomas W. Kozlowski ကို ဂုဏ်ပြု အမှတ်တရလက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် လူနာများမှ ၎င်းတို့၏ ရောဂါဝေဒနာ နှင့်ပတ်သက်သော အခြေအနေ၊ သက်သာ ကောင်းမွန်စေရေး လိုက်နာဆောင်ရွက်ရမည်များ စသည်တို့ကို ရှင်းလင်းစွာသိရှိစေရေး အတွက် လူနာများနှင့် ဆက်သွယ်မှု (communication) ကောင်းမွန်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လူနာများဆေးရုံမှ ဆင်းသည့်အခါ သက်ဆိုင်ရာ ရောဂါအလိုက်လိုက်နာကျင့်သုံး ဆောင်ရွက်ရမည့် အချက်များအသိပေး ပြောကြားခြင်းနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် ရောဂါများ အပါအဝင် ဖြစ်ပွားမှုများပြားသော ရောဂါများနှင့် သက်ဆိုင်သည့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြုစု၍ဖြန့်ဝေသွားရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊အဆိုပါ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို လူနာ သာမက လူနာ၏ မိသားစုများ၊ မိတ်ဆွေများကပါ ဖတ်ရှုလေ့လာသိရှိနိုင်မည်ဖြစ်သဖြင့် အကျိုးရှိ ပါကြောင်း၊
Dr. Thomas W. Kozlowski ရှင်းလင်းပြောကြားခဲ့သည့် အကြောင်းအရာများသည် ဝန်ကြီးဌာနရှိ ဆေးရုံများ ပိုမိုကောင်းမွန်တိုးတက်စေရေးလုပ်ငန်းများတွင် အသုံးချနိုင်မည်ဖြစ် သဖြင့် ရုပ်သံ (video) ရိုက်ကူးထားရှိမှုကို ဆေးရုံများရှိ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ ဆရာဝန်ကြီးများ၊ ဘွဲ့လွန်သင်တန်းသားများ သိရှိနိုင်စေရေး ဖြန့်ဝေပေးစေလိုပါကြောင်း၊ လူနာများဘေးကင်းစိတ်ချစွာ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆေးရုံအုပ်ချုပ်မှုပညာ မဟာဘွဲ့သင်တန်းများတွင် ပိုမိုထည့်သွင်းသင်ကြားရမည်ဖြစ်ပါကြောင်း၊
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အရေးကြီးသည့် ဆေးရုံအုပ်ချုပ်မှုပညာပိုမိုတိုးတက် မြင့်မားစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့နှင့် ဆက်လက် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မြန်မာအသည်းအစားထိုးခွဲ စိတ်ကုသမှုဆိုင်ရာ အဖွဲ့နှင့် ဂျပန်နိုင်ငံ Kyushu University Hospital မှ ပါမောက္ခ Dr. Tomoaki Taguchi ဦးဆောင်သော အသည်းအစားထိုးကုသမှု အဖွဲ့တို့ ပူးပေါင်း၍ မြန်မာ နိုင်ငံ၌ ပထမဆုံးအကြိမ် ကလေးအသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်နေသည့် ရန်ကင်း ကလေးဆေးရုံကြီးသို့ သွားရောက်အားပေးသည်။
ထိုသို့သွားရောက်ရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခွဲစိတ်ခန်းပြင်ပမှ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ပညာရှင်များ ကြည့်ရှုလေ့လာမှု၊ သင်ကြား လေ့လာ မှုများ ပြုလုပ်နိုင်ရန်အတွက် ခွဲစိတ်ကုသမှုအား တိုက်ရိုက်ပြသနေမှုကို ကြည့်ရှုခဲ့သည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခ Dr. Tomoaki Taguchi ဦးဆောင်သော အသည်းအစားထိုးကုသမှုအဖွဲ့အား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)