ရန်ကုန် ၁၇ အောက်တိုဘာ
မြန်မာနိုင်ငံဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့မှ စီစဉ်သည့် အသက် ၇၀ ကျော် ဆရာဝန်ကြီးများကို ကျန်းမာရေးဆေးစစ်မှုများကို နှစ်စဉ်အောက်တိုဘာလ၌ စစ်ဆေးပေးလျက်ရှိရာ ယခုနှစ် တွင် သီတင်းကျွတ်ဂါရဝအဖြစ် အခမဲ့ဆေးစစ်ပေးခြင်းအစီအစဉ်ကို စတင်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးဆရာဝန် ၄၀၀ ကျော်ရှိသည့်အနက် ရန်ကုန်မြို့ရှိ ဆေးရုံဆေးခန်း များဖြစ်သည့် နီနီ၊ အာရှတော်ဝင်၊ ဗဟိုစည်၊ မဟာမြိုင်၊ ရွှေဂုံတိုင်၊ အောင်ရတနာ၊ ဂရင်းဟံသာ တို့တွင် ကျန်း မာရေး ဆေးစစ်မှုများ ပြုလုပ်ရန်စီစဉ်ထားပြီး သက်ဆိုင်ရာ သမားတော်ကြီးများ၊ ဓာတ်မှန်ဆိုင်ရာဆရာဝန် ကြီးများမှ စေတနာ မေတ္တာဖြင့် အခမဲ့ကြည့်ရှုပေးကာ ဆေးရုံဆေးခန်းများမှလည်း ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ကုန်ကျစရိတ်လျော့ပေါ့ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်ကြီးဆရာဝန်များအား ကျန်းမာရေးဆေးစစ်ပေးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သက်ကြီး ဆရာဝန်များထောက်ကူအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာခင်ပြုံးကြည်က "သက်ကြီးဆရာဝန်ဆို တာ အသက် ၇၀ ကျော် ဆရာဝန်ကြီးတွေပေါ့နော်။ မြန်မာနိုင်ငံဆရာဝန်အသင်းက သက်ကြီးဆရာဝန်တွေ အတွက် ငွေကြေးထောက်ပံ့တယ်၊ လူမှုရေးထောက်ပံ့မှုတွေ လုပ်ပေးပါတယ်။ ဒါအပြင် အထွေထွေထောက်ပံ့မှု တွေအနေနဲ့လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်" ဟု ပြောကြားခဲ့သည်။
ဆေးစစ်ရာတွင် အခြေခံဖြစ်သော ရင်ခေါင်းဓာတ်မှန် Chest Xray ရိုက်ခြင်း၊ ECG ၊ Ultrasound နှင့် သွေးတွင်း Sugar ၊ Lipid profile ၊ Creatinine ၊ ALT နှင့် CP တို့ကို စစ်ဆေးပေးပြီး ကျန်လိုအပ်သောကျန်း မာရေးစစ်ဆေးမှုများကို သမားတော်ကြီးများကကြည့်၍ လူနာတွင်လိုအပ်သလို စစ်ဆေးမှုများ ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
နီနီရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းတွင် ပါမောက္ခ ဉီးညွန့်သိန်း၊ ဒေါက်တာဇင်သက်မာနှင့် ဒေါက်တာ ကြည်ကြည်အေးတို့မှ အခမဲ့ကြည့်ရှုပေးလျက်ရှိပြီး ယခုကဲ့သို၌ သက်ကြီးဆရာဝန်ကြီးများကို အခမဲ့ဆေးစစ် ပေးခဲ့သည်မှာ ၉ နှစ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း၊ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့မှ စီစဉ်၍ နှစ်စဉ်အောက်တိုဘာလတွင် အသက် ၇၀ ကျော် ဆရာဝန်ကြီးများကို ကျန်းမာရေးဆေးစစ်ပေးခဲ့သည်မှာ ၂၀၀၇ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ကျန်းမာရေးဆေးစစ်ပေးရာတွင် နှစ်စဉ် ဆရာဝန်ကြီး ၁၅၀ ဉီးခန့် လာရောက်ဆေး ကုသလေ့ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


