မော်လမြိုင် ၃ ဇန်နဝါရီ
မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)၏ (၁၇)ကြိမ်မြောက် ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)၏ (၁၇)ကြိမ်မြောက် ဆရာဝန် ညီလာခံမုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် မြန်မာနိုင်ငံဆရာဝန် အသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “အသင်းဝင် ဆရာဝန်များအနေဖြင့် တိုးတက်လာသော ဆေးပညာရပ်များကို အချိန်နှင့် တပြေးညီ သိရှိကျင့်သုံးနိုင် စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကုသရေး၊ ပြည်သူ့ကျန်းမာရေးလုပ် ငန်းများ၊ ရောဂါတိုက်ဖျက်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ ထို့အပြင် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကို နားလည်စောင့်ထိန်းရန်၊ ဆေးကုသမှု အရည်အသွေးပြည့်မီရန်အတွက်လည်း တာဝန်ရှိပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် ဝန်ထမ်းများသာမက ပြင်ပပုဂ္ဂလိက အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက နှုတ်ခွန်းဆက် စကားပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)ဥက္ကဋ္ဌ ဒေါက်တာတင်နွဲ့ဝင်းက ညီလာခံ ကျင်းပရခြင်းနှင့် ပက်သက်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆေးနှင့် ဆေးပစ္စည်းပြခန်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်နှင့် ဆေးရုံအုပ်ကြီးဒေါက်တာကျော်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)၏ (၁၇)ကြိမ်မြောက် ဆရာဝန်ညီလာခံကို ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆေးနှင့် ဆေးပစ္စည်းများကိုလည်း ပြခန်း (၄၀)ကျော်ဖြင့် ခင်းကျင်းပြသ ရောင်းချပေးသွားမည့်ဖြစ်ကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)