နေပြည်တော် ဩဂုတ် ၉

 

မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီး များအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးဝါး စက်ရုံ(အင်းစိန်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေး ဦးစီးကော်မတီနာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်း ကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီနာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းစာအုပ်ပြုစုရာတွင် ၁၉၈၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃၄) နှစ်တာကာလအတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်အပြောင်းအလဲများ ဖြစ်ပေါ်တည်ရှိနေမှုအပေါ်မူတည်၍ မူဝါဒအပြောင်းအလဲများကြောင့် စက်မှုလက်မှုကဏ္ဍအပေါ် သက်ရောက် မှုများ၊ အပြောင်းအလဲများ၊ ကြုံတွေ့ခဲ့ရသည်များကို တွေ့မြင်မှတ်သားနိုင်ကြမည်ဖြစ်ကြောင်း၊ အပြောင်းအလဲ၊ ဖြစ်တည်မှု၊ အရွေ့များကို အနာဂတ်လူငယ်များ လေ့လာမှတ်သားသိရှိနားလည်ပြီး သင်ခန်းစာရယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့၏ အတွေ့အကြုံ၊ အတွေးအခေါ်နှင့် နည်းပညာ အမွေအနှစ်များ ထည့်သွင်းပြုစုရေးဆွဲထားသည့် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းစာအုပ်မှ အထောက်အထား၊ အချက်အလက် များကို မျိုးဆက်သစ်လူငယ်များအနေဖြင့် ဖတ်ရှုပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းစာအုပ်ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည့် အတွေ့ အကြုံပြည့်ဝသည့် ပညာရှင်ကြီးများ၊ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုရေး ဦးစီးကော်မတီ၊ အကြံပေးအဖွဲ့၊ လုပ်ငန်းကော်မတီ၊ သတင်းအချက်အလက် ရှာဖွေစုဆောင်းရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ အထောက်အကူပြုအဖွဲ့၊ ရုံးအဖွဲ့၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များအား အထူးပင်ကျေးဇူး တင်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုရေးအကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုငွေများပေးအပ်ပြီး အငြိမ်းစားအရာရှိကြီးများကိုယ်စား သိပ္ပကျော်စွာ ဒေါက်တာမျိုးသန့်တင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

(သတင်းစဉ်)