နိုင်ငံ၏ဇီဝအမွေအနှစ်ကမ္ဘာ့ ရှားပါးလိပ်မျိုးစိတ်ဖြစ်သောရခိုင် တောင်လိပ်များကိုရခိုင်ပြည်နယ် ဂွမြို့ နယ်ရခိုင်ရိုးမ ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး ဝင်းခြံအတွင်း၌ထိန်းသိမ်းစောင့်ရှောက်ထားသည်။
စနစ်တကျမွေးမြူ
ရခိုင်ရိုးမ ဆင်ဘေးမဲ့တောတွင် ရခိုင်တောင်လိပ်များကို စနစ်တကျမွေးမြူစောင့်ရှောက်ထားပြီး ဥဥချိန်မှအစ စာရင်းကောက်ယူကာ ပေါက်ပွားသည့် ခုနှစ်အလိုက် မှတ်တမ်းများပြုစုလျက်ရှိသည်။ အဆိုပါလိပ်မျိုးစိတ်များ တိုးပွားစေရေးအတွက် ၂၀၀၅ ခုနှစ်မှ စတင်၍ ခြံတည်ဆောက်ကာ လိပ်ငါးကောင်ကို စတင်မွေးမြူထိန်းသိမ်းလာခဲ့ရာ ယခုအခါ အကောင်ရေ ၄၀ကျော်ခန့်အထိ ပေါက်ပွားနေပြီဖြစ်ကြောင်း သိရသည်။
အင်္ဂလိပ်အမည် (Rakhine Forest Turtle)၊ သိပ္ပံအမည် (Heosemys de-pressa) ဟုခေါ်ဆိုသည့် ရခိုင်တောင်လိပ်သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသော ဒေသရင်းမျိုးစိတ်ပင် ဖြစ်သည်။
မြန်မာနိုင်ငံအပူပိုင်းအမြဲစိမ်း သစ်တော၊ ဝါးတောများနှင့် ရံဖန်ရံခါ၌ စမ်းချောင်းငယ်များ တစ်လျှောက်၌လည်း ပေါက်ပွားရှင်သန်လေ့ရှိသည်။ အထူးသဖြင့် ရခိုင်ပြည်နယ် တောင်ဘက်ပိုင်းသံတွဲနှင့် ဂွမြို့နယ်တို့တွင်တွေ့ရှိနိုင်ပြီးမြန်မာနိုင်ငံ၏ ဇီဝအမွေအနှစ် ရတနာလိပ်မျိုးစိတ်တစ်မျိုး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးယခင်က ပေါများစွာတွေ့ခဲ့ရသော်လည်း ယခုအခါ တတိယရှားပါးသော မျိုးစိတ် ဖြစ်နေပြီးနှစ်အနည်းငယ်အတွင်း မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် လိပ်မျိုးစိတ်ဖြစ်ကြောင်း သိရသည်။
အဆိုပါလိပ်မျိုးစိတ်ကိုဒေသ အလိုက် ရခိုင်လိပ်၊ လိပ်ပျင်း (ချင်း)၊ ဗိုက်ဝါလိပ်၊ ဘီးကြားလိပ်၊ ပြန့်လိပ်ဟု ခေါ်ဆိုကြပြီး အစုံစားသတ္တဝါတစ်မျိုးပင် ဖြစ်သည်။
မြန်မာမျိုးရင်းစစ်စစ်တွေ
“ဒီရခိုင်တောင်လိပ်တွေကမြန်မာ့ မျိုးရင်းစစ်စစ်တွေပါ။ ပြည်ပနိုင်ငံတွေမှာလည်း ဒါမျိုးမရှိဘူး။ မြန်မာမျိုးရင်း စစ်စစ်တွေ မျိုးသုဉ်းနိုင်တဲ့ အနေအထား ရှိနေလို့ သားဖောက်ထိန်းသိမ်းထား ရတာပါ။ နောက်ပြီး ဒီလိပ်တွေက တစ်နှစ်မှတစ်ကြိမ်ပဲ ဥဥကြတာ။ တစ်ကြိမ်ဥရင် သုံးလုံးနဲ့ ခုနစ်လုံးလောက် ပဲဥတယ်။ ခုနစ်လုံးဥတယ်ဆိုတာ တော်တော်ရှားပါတယ်။ ပြီးတော့ ဥဥ တိုင်းလည်း အကုန်လုံးအကောင်မပေါက်ဘူး။ တစ်ကောင်၊ နှစ်ကောင် လောက်ပဲ ပေါက်တာ။ တခြားလိပ်တွေ ဆိုရင် တစ်နှစ်ကိုသုံးလေးခါလောက် ဥဥပြီး သားပေါက်နှုန်းကလည်းကောင်းတယ်။ အဲဒါကြောင့် တခြားလိပ်တွေနဲ့ နှိုင်းစာရင် ဥဥနှုန်းရော သားပေါက်နှုန်းပါ အားနည်းတဲ့ လိပ်မျိုးစိတ်လို့ပြောနိုင်ပါတယ် ” ဟု ရခိုင်ရိုးမ ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ဦးကပြောကြားသည်။

မျိုးသုဉ်းမည့်အန္တရာယ်
ရခိုင်တောင်လိပ်မျိုးစိတ်ကို အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (IUCN) က မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ် (Critically endangered species) အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်လည်း သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့် နှစ် မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၆၉၀/၂၀၂၀) အရ မျိုးသုဉ်းမည့် အန္တရာယ်ရှိသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လုံးဝကာကွယ်ထားသည့် ကုန်းနေ၊ ရေနေနှင့် တွားသွားသတ္တဝါစာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
လူများက စားသောက်ရန်အတွက် ဖမ်းဆီးခြင်း၊ နေထိုင်ကျက်စားရာ သစ်တောများ နည်းပါးလာခြင်း၊ နိုင်ငံ တကာသို့ ရောင်းဝယ်ဖောက်ကားခြင်း စသည့် အကြောင်းခြင်းရာများကြောင့် ရခိုင်တောင်လိပ်များမှာ အရေအတွက် နည်းပါးမှုဖြစ်စဉ်နှင့်ကြုံတွေ့ခဲ့ကြရသည်။
သို့ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရခိုင်တောင်လိပ်များကို သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ရခိုင်ရိုးမ ဆင်ဘေးမဲ့တောဝန်ထမ်းများက လိုအပ်ချက်များ ဖြည့်ဆည်းပေးနေသလို အခြား တစ်ဖက်တွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် သားဖောက်မှုလုပ်ငန်း များကိုသားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ (TSA) မှ ဝန်ထမ်းများ၏ ပူးပေါင်းအားထုတ်မှုဖြင့်စ နစ်တကျကာကွယ် ထိန်းသိမ်းထားကြောင်း ဝမ်းမြောက်ဖွယ်ရာ သတင်းစကား ပါးလိုက်ရပါသည်။
သိန်းညွန့် (PZL)