မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ

နေပြည်တော် ၁၁ မတ်

 

၂၀၁၈ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အအုံ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ရှင်းလင်းခြင်းတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။အဆိုပါတင်ပြချက်၏ ခေါင်းစဉ်မှာ “မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများ”ဖြစ်ပါသည်။ဤတင်ပြချက်ကို မြန်မာကိုယ်စားလှယ်အဖွဲ့က ပြောင်းလဲမှု၊စိန်ခေါ်မှုနှင့် ရွေးချယ်မှုဟူသော ကဏ္ဍသုံးရပ်ဖြင့် အသေးစိတ်တင်ပြရှင်းလင်းခဲ့ပါသည်။

 

ဤတင်ပြမှုကို ပြုလုပ်ရာ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ အရေးအကြီးဆုံးသောအချက်ကို ထောက်ပြခဲ့ပါသည်။ အဆိုပါအချက်မှာ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ငါးခု ကြာခဲ့သည့် တပ်မတော်အုပ်ချုပ်မှုစနစ်ကို စွန့်လွှတ်၍ ဒီမိုကရေစီစနစ် ခိုင်မာစွာအမြစ်တွယ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်း ဖြစ်ပါသည်။ တပ်မတော်အုပ်ချုပ်သည့်စနစ်အောက် နှစ်ပေါင်းများစွာ ရှိနေရာမှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲသည့်နိုင်ငံတိုင်းသည်ကြီးမားသော စိန်ခေါ်မှုတို့အား ရင်ဆိ်ုင်ရသည်မှာ က္ဘာတစ်ဝန်းကြုံတွေ့နေရသောဖြစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေးအပေါ် သုံးသပ်ပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနိုင်ငံတို့၏ စိန်ခေါ်မှုများ ဘောင်အတွင်းမှ သုံးသပ်ရေးသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ 

 

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြည်ထောင်စုဝန်ကြီးက လူထုအစိုးရသစ်အပေါ် နိုင်ငံတကာအသိုက်အဝန်းနှင့် ပြည်သူလူထုကထားရှိသော မြင့်မားသည့် မျှော်မှန်းချက်တို့ကြောင့် မူလတည်ရှိပြီးသား ရှုပ်ထွေးမှုတို့အား ပိုမိုဝန်ပိစေကြောင်း တင်ပြခဲ့သည်မှာ အလေးအနက်ထား သုံးသပ်ရမည့် အချက်တစ်ရပ်ဖြစ်ပါသည်။မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုများနှင့် သံသယများတို့ရှိနိုင်သည်ကို အသိအမှတ်ပြုလက်ခံသော်လည်း ဝေဖန်မှုတို့သည်အပြုသဘောဆောင်ရန် လိုအပ်ပြီး သံသယတို့အား အလျင်စလို ဆုံးဖြတ်လျက် အပြစ်တင်ခြင်းမျိုးမဖြစ်ရန် ထောက်ပြခဲ့ပါသည်။ ရခိုင်ပြည်နယ်အရေးကိစ္စအား ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အပြုသဘောဆောင်သော နည်းလမ်းတစ်ရပ်လိုအပ်သည်ဟူသော မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၏ သဘောထားသည် ရခိုင်ပြည်နယ်အရေးကိစ္စ၌ ပါဝင် ပတ်သက်လျက်ရှိသော ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းကအလေးအနက်ထား ဆုပ်ကိုင်ရမည့်သဘောထား ဖြစ်ပါသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိအသိုက်အဝန်းအားလုံး၏ ငြိမ်းချမ်းရေး၊ သဟဇာတဖြစ်ရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေးတို့ကိုဦးတည်လျက် ရေရှည်တည်တံ့သည့် အဖြေတစ်ရပ်ဆောလျင်စွာ ပေါ်ထွက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြတ်သားခိုင်မာစွာ တင်ပြခဲ့ပါသည်။

 

ပြည်သူလူထု၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီအခွင့်အရေးတို့ ရရှိရေးအတွက် ကာလရှည်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် “ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ ဖြိုးရေးတို့ဆိုင်ရာ ပြည်ထောင်စုစီမံကိန်း”ကိုဦးဆောင်လျက် “ရက်စက်ကြမ်းကြုတ်မှု”၊ “လူမျိုးစုသုတ်သင်ရှင်းလင်းမှု”နှင့် “ လူမျိုးသုဉ်းသတ်ဖြတ်မှု”ဟူသော စွပ်စွဲချက်မှန်သမျှအပေါ် အလေးအနက်ထား စစ်ဆေးကိုင်တွယ်ဖြေရှင်းနေကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းလင်းပြတ်သားစွာ တင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်ပြန်လည်ဝင်ရောက်လာမည့်သူများ၏ လုံခြုံရေးအတွက်သာမက ရခိုင်၊ မူဆလင်၊ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူစသည့် အသိုက်အဝန်းအားလုံး၏လုံခြုံရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက တင်ပြခဲ့ပါသည်။ ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရာ၌ လူ့အခွင့်အရေးဆိုင်ရာ ကျဉ်းမြောင်းသည့်ဘောင်အတွင်းမှ သီးသန့်ရှုမြင်စဉ်းစားခြင်းကိုရှောင်၍ ပိုမိုဓမ္မဓိဋ္ဌာန်ကျ မျှတသည့်ချဉ်းကပ်မှုမျိုးဖြင့်ဆောင်ရွက်ရမည်ဟူသော မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြည်ထောင်စုဝန်ကြီး၏ တင်ပြချက်သည် ပါဝင်ပတ်သက်လျက်ရှိသော ပြည်တွင်း/ပြည်ပ ပုဂ္ဂိုလ်အဖွဲ့အစည်းတိုင်းက လိုက်နာဆောင်ရွက်ရမည့်ချဉ်းကပ်မှုမျိုးဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း