မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများ လွှတ်တော်ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြ

နေပြည်တော် ၂၆ ဇန်နဝါရီ

မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများ လွှတ်တော်ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားရေးရာဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနေကိုယ်စားလှယ် မစ္စအလာကာဆင်းတို့က အမှာစကားများ ပြောကြားခဲ့ကြသည်။

ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူ(၇)သန်းခန့် သေဆုံးစေသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုသည် ကာကွယ်တားဆီး၍ရသည့် ပြဿနာတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နှစ်စဉ်ကင်ဆာဖြစ်ပွားမှုမှာ ၂၀၁၂ ခုနှစ်တွင် ၁၄ သန်းရှိရာမှ လာမည့် နှစ် ၂၀ အတွင်း ၂၂ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း၊ ကင်ဆာကြောင့် သေဆုံးမှုသည် ၈ ဒသမ ၂ သန်းရှိရာမှ ၁၃ သန်းအထိ များပြားလာမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကင်ဆာရောဂါသုတေသနအေဂျင်စီက ဆိုထားပါကြောင်း၊ အဓိကတရားခံမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အစဉ်တစ်စိုက် သုံးစွဲခြင်းကြောင့် ဖြစ်ပါကြောင်း။

မြန်မာအမျိုးသား ၆၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ရာခိုင်နှုန်းတို့သည် ဆေးရွက်ကြီးပါသော ကွမ်းယာစားသုံးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေးအတွက် မဟာဗျူဟာမြောက် ဆောင်ရွက်ရာတွင် အခွန်အခတိုးမြှင့်ကောက်ခံခြင်းသည် ထိရောက်အရေးပါသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားရေးရာ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းက မကူးစက်တတ်သော ရောဂါများဖြစ်သည့် ဆီးချို၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါများ၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါများ၏ ပြဿနာသည် တစ်နေ့ထက်တစ်နေ့ ကြီးမားလာပါကြောင်း၊ သေဆုံးမှု စုစုပေါင်း၏ ထက်ဝက်ကျော်သည် မကူးစက်တတ်သော ရောဂါများဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း။

မကူးစက်တတ်သောရောဂါများကို ဖြစ်စေသော အကြောင်းအရင်းများမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၊ ကွမ်းယာစားသုံးခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော သန့်ရှင်းသော၊ ဓာတုအဆိပ် အတောက်ကင်းသော အစားအစာများ မစားသုံးနိုင်ခြင်း၊ လူတိုင်း၏ကျန်းမာရေး ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေလိုအပ်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ခြင်း၊ စိတ်သောက ဖြစ်လွယ်ခြင်း၊ စိတ်ဖိစီးမှု ဖြစ်စရာများကို ကြုံတွေ့ရခြင်းတို့ ဖြစ်ပါကြောင်း။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှု လျော့နည်းစေရေးအတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲမှု လျော့နည်းရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိနေပြီဖြစ်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်း အားနည်းမှု၊ အာသာမှုများ၊ အာဆီယံနိုင်ငံများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်အကောက်မှု၊ အခွန်ကောက်ခံရာတွင် ဖြစ်ပေါ်လာနိုင်သည့် စိတ်ခေါ်မှုများ ဖော်ထုတ်ရန်နှင့် ကျော်လွှားနိုင်ရန် အဖြေရှာခြင်း၊ အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ၏ အမြင်များနှင့် မျှော်မှန်းချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ပြန်လည်အကြံပြု ဆွေးနွေးကြသည်။ 

mdn

အဆိုပါ အခမ်းအနားသို့ ဆေးလိပ်နှင့် ဆေးရွက်ကြီး အခွန်ကောက်ခံခြင်းနှင့် နှီးနွှယ်သည့် ဌာနဆိုင်ရာ  အဆင့်မြင့် အရာရှိကြီးများ၊  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အရှေ့တောင်အာရှဒေသ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့၊ ကလေးများဆေးရွက်ကြီး ကင်းစင်ရေးလှုပ်ရှားရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များနှင့် ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်မော်