မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ သိကောင်းစရာ

ဒေါက်တာသီတာဝင်း (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)

ယနေ့ကမ္ဘာတစ်ဝန်းတွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ နာတာရှည်အဆုတ်နှင့် အသက်ရှူ လမ်းကြောင်းရောဂါများ စသည့် မကူးစက်နိုင်သော ရောဂါ (Non-Communicable Diseases) များကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းကျော် အသက်ဆုံးရှုံးနေရပြီး တစ်ကမ္ဘာလုံးတွင် သေဆုံးမှုအားလုံး ၏ ၇၁ ရာခိုင်နှုန်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏အချက်အလက်များအရ ဝင်ငွေနည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသက် (၃၀) နှစ်နှင့် (၇၀) နှစ်ကြား သေဆုံးမှုအားလုံး၏ ၈၆ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါများကြောင့် အသက်ဆုံးရှုံးနေရကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်၌ ဆေးရုံ၊ ဆေးခန်းများတွင် ဖြစ်ပွားသော သေဆုံးမှု (Hospital Death) စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်သည် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးနေရကြောင်း တွေ့ရှိရသည်။ မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းဖြစ်ပြီး ၎င်းသည် ရှောင်လွှဲ၍ရသည့် ရောဂါဖြစ်ပွားစေသော အကြောင်းရင်း တစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆေးလိပ်/ဆေးရွက်ကြီးအန္တရာယ်

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းသည် ဆေးလိပ်၊ ဆေးရွက် ကြီးတစ်မျိုးမျိုးကို သုံးစွဲနေကြပြီး ၂၆ ဒသမ ၁ ရာခိုင်နှုန်းမှာ လတ်တလော ဆေးလိပ်သောက်သုံး နေသူများဖြစ်၍ ၄၃ ဒသမ ၂ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကွမ်းယာထဲတွင်ထည့်ကာ စားသုံးနေကြောင်း ၂၀၁၄  ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စစ်တမ်းများအရ သိရသည်။ အသက်(၁၃)နှစ်နှင့်(၁၅)နှစ်ကြား ကျောင်းသား လူငယ်များအကြား  စစ်တမ်းကောက်ယူခဲ့သည့် Global Youth Tobacco Survey (GYTS 2016) အရ ဆေးလိပ်သောက်သုံးသူ အမျိုးသား ၂၁ ရာခိုင်နှုန်း၊ အမျိုးသမီး နှစ်ရာခိုင်နှုန်းတွေ့ရှိရပြီး ဆေးရွက်ကြီးသုံးစွဲသူ အမျိုးသား ၁၁ ရာခိုင်နှုန်း၊ အမျိုးသမီး နှစ်ရာခိုင်နှုန်းကို တွေ့ရှိရသည်။

ကျောင်းသားလူငယ် သုံးဦးအနက် တစ်ဦးသည်  နေအိမ်တွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေရပြီး ၁၀ ဦးအနက် သုံးဦးမှာ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရကြောင်း စိုးရိမ်ဖွယ်ရာ တွေ့ရှိရသည်။ ထို့အပြင် ကမ္ဘာ့လူငယ်များအကြားတွင် နီကိုတင်းနှင့် ဆေးရွက်ကြီး အီလက်ထရွန်နစ် ထုတ်ကုန်အသစ်တစ်မျိုးဖြစ်သည့် အီလက်ထရွန်နစ် စီးကရက်(Vape)များ သုံးစွဲမှုခေတ်စားလာသည်ကို တွေ့ရှိရသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော် အသက်ဆုံးရှုံးနေရပြီး ထိုအထဲမှ တစ်သန်းကျော်သည် တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် အသက် ဆုံးရှုံးနေရကာ အများစုမှာ အမျိုးသမီးနှင့် ကလေး ငယ်များဖြစ်ကြသည်။

E- စီးကရက်အန္တရာယ် 

E-စီးကရက် (အီလက်ထရွန်နစ်စီးကရက်)ဆိုသည်မှာ ပြန်လည်အားသွင်း၍ရသော သို့မဟုတ် တစ်ခါသုံးဘက်ထရီများကို အသုံးပြုထားသည့် လျှပ်စစ်ပစ္စည်းကိရိယာတစ်ခုဖြစ်ပြီး ယင်းတွင်ပါဝင်သော ဓာတုဆေးရည်ကို အပူပေးခြင်းဖြင့် ထွက်ရှိလာသည့်အငွေ့ရည်ကို သုံးစွဲသူက ပုံမှန်ဆေးလိပ်၊ စီးကရက်သောက်သကဲ့သို့ အဆုတ်တွင်းသို့ ရှူသွင်း၍ သောက်သုံးရသည်။ ဓာတုဆေးရည်များတွင် စွဲလမ်းစေတတ်သော  နီကိုတင်းဓာတ်ပါရှိသည့်အပြင် သုံးစွဲသူများ (အထူးသဖြင့် လူငယ်များ) စွဲလမ်း၊ နှစ်သက်သွားစေရန်ရည်ရွယ်၍ အနံ့၊ အရသာများ ထည့်သွင်းထားပြီး သုံးစွဲသူများကမိမိတို့နှစ်သက်သော အနံ့၊ အရသာများကို ကြိုက်နှစ်သက်သလို ရွေးချယ်သုံးစွဲနိုင်သည်။ သုံးစွဲသူများ အကြား(အထူးသဖြင့် လူငယ်များတွင်) E-စီးကရက် များသုံးစွဲခြင်းကို Vape သုံးခြင်း၊ ရှူခြင်း (Vaping)၊ ထုတ်ကုန်ပစ္စည်းနာမည်ကိုအစွဲပြု၍  ဂျူးလင်း (Juuling)ဟု ပြောဆိုတတ်ကြသည်။ E-စီးကရက် များသည် မန်မိုရီစတစ်၊ ကားသော့ စသည့်ပစ္စည်းများနှင့် ပုံသဏ္ဌာန်ဆင်တူခြင်းကြောင့် လူငယ်များအနေဖြင့် ယင်းအီလက်ထရွန်နစ်စီးကရက်များကို အခြားပစ္စည်းများနှင့် အလွယ်တကူ ရောနှောထား၍ရသည်။ E-စီးကရက်တွင် အန္တရာယ်ရှိသည့် ပစ္စည်းများဖြစ်သည့် နီကိုတင်း၊ ကင်ဆာဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ၊ သာမန်မျက်စိဖြင့်မမြင်နိုင်သည့် အမှုန်များ၊ အငွေ့ပြန်လွယ်သော အော်ဂဲနစ် ဒြပ်ပေါင်းများ၊ အဆုတ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် ရနံ့၊ အရသာပေးသော ဓာတုပစ္စည်းများ၊ နီကယ်၊ သံဖြူ၊ ခဲသား စသည့်သတ္တုပစ္စည်းများ ပါဝင်သည်။

ယခုအချိန်အထိ  ထွက်ပေါ်လာသော သုတေသနတွေ့ရှိချက်များအရ အီလက်ထရွန်နစ် နီကိုတင်းနှင့် ဆေးရွက်ကြီး ထုတ်ကုန်သစ်များသည် အောက်ပါအကျိုးဆက်များကို ဖြစ်စေပါသည်- 

ယခင်က ဆေးလိပ်သောက်ဖူးခြင်းမရှိသည့် သူများတွင်ပင် E-စီးကရက်ကို သုံးစွဲမိပါက (ပုံမှန်) ဆေးလိပ်သောက်သုံးသူ  ဖြစ်သွားနိုင်ခြေ သုံးဆခန့်ပိုများသည်၊ 

E-စီးကရက်များ သုံးစွဲခြင်းသည် အဆိပ်သင့်ခြင်း၊ စွဲလမ်းစေခြင်း၊ ထိခိုက်မိခြင်း၊ မီးလောင်ကျွမ်းခြင်း၊ အဆုတ်ထိခိုက်ခြင်း တို့အပြင် နောက်ပိုင်းတွင် ဆေးလိပ်သောက်သုံး သူများဖြစ်လာနိုင်စေသည်၊ 

အီလက်ထရွန်နစ် နီကိုတင်းနှင့် ဆေးရွက်ကြီး ထုတ်ကုန်သစ်များသည် အိမ်တွင်းလေထု ညစ်ညမ်းမှုကို ဖြစ်စေခြင်း၊ ပလတ်စတစ်နှင့် အဆိပ်သင့်ဓာတုပစ္စည်းများ စွန့်ပစ်မှုများပြားလာခြင်း၊  မီးလောင်ကျွမ်းမှုဖြစ်စေခြင်း  စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ဖြစ်စေသည်။ 

ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတားဖြစ်နေ 

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် ရောဂါများဖြစ်ပွား၍ အသက်ဆုံးရှုံးနေရပြီး ၂၀၁၆ ခုနှစ်တွင်  နိုင်ငံတော်အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် ဖြစ်ပွားသော ရောဂါများအတွက် ကျန်းမာရေးအသုံးစရိတ် မြန်မာကျပ်ငွေ ၃၀၇ ဒသမ ၄ ဘီလီယံ အကုန်ကျခံခဲ့ရသည်။ အဆိုပါရောဂါများဖြစ်ပွားခြင်းကြောင့် အရွယ်မတိုင်မီသေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်းတို့ကြောင့် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP)၏ ၃ ဒသမ ၃ ရာခိုင်နှုန်းနှင့်ညီမျှသော မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံခန့် ဆုံးရှုံးနေရကြောင်း ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်းသောက်သုံးမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုကို လေ့လာသည့် သုတေသန (Investment Case Study)အရ သိရသည်။ ကပ်အသွင်ဖြစ်ပွားလာသည့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် ပြည်သူ့ကျန်းမာရေးကို များစွာထိခိုက်စေပြီး ပြည်သူလူထုအား ဆင်းရဲတွင်း ပိုနက်စေရုံသာမက နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု  ရည်မှန်းချက် ပန်းတိုင်များ ပြည့်မီရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုဖြစ်နေကြောင်း  ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(UNDP)၏ အစီရင်ခံစာများတွင် အတိအလင်းဖော်ပြထားပြီးဖြစ်သည်။ 

မြန်မာနိုင်ငံသည်  ဆေးရွက်ကြီးထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ် 

မြန်မာနိုင်ငံတွင် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေးကို အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ထည့်သွင်း၍ ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆေးရွက်ကြီးထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (WHO Framework Convention on Tobacco Control - WHO FCTC) ကို ၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် လက်မှတ်ရေးထိုး၍ ၂၀၀၄ ခုနှစ် ဧပြီလတွင် (၁၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည် သဘောပေါက်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုမှရှောင်ကြဉ်နိုင်စေရန်၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကိုထိခိုက် စေသည့် အန္တရာယ်မှ ကာကွယ်ရန်၊ ကလေးသူငယ်များအပါအဝင် အများပြည်သူတို့ကို ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးခြင်း အလေ့ အထမှ တားဆီးကာကွယ်ခြင်းဖြင့် ကျန်းမာသော နေထိုင်မှုဘဝရရှိစေရန် စသည့်ရည်ရွယ်ချက်များ ဖြင့် ၂၀၀၆ ခုနှစ် မေလတွင် “ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းပြီး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းများအဖြစ် အကြံပြုထားသည့် (MPOWER) လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ 

MPOWER ဆိုသည်မှာ - 

Monitor tobacco Use and Prevention Policies (M) 
(ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုနှင့် သုံးစွဲမှု ကာကွယ်လျှော့ချရေး အစီအမံများ၏ ထိရောက် မှုကို စောင့်ကြည့်ခြင်း) 

Protect people from exposure to tobacco smoke (P) 
(အများပြည်သူကို  ဆေးလိပ်မီးခိုးငွေ့ အန္တရာယ်မှ ကာကွယ်ပေးခြင်း)

Offer help to quit tobacco (0) (ဆေးလိပ်ဖြတ်ရန် အကူအညီပေးခြင်း) 

Warn about the Dangers of Tobacco (W) 
(ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ အန္တရာယ်များအကြောင်း သတိပေးခြင်း)

lEnforce Bans on Tobacco Advertising, Promotion and Sponsorship (E) (ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်းတို့ကို တားမြစ်ပိတ်ပင်ခြင်းနှင့် ဆေးလိပ်/ဆေးရွက်ကြီး လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှုကို မယူခြင်း)

Raise Taxes on Tobacco (R) (ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းအပေါ် အခွန်များ တိုးမြှင့်ကောက်ခံခြင်း) 

တို့ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများကို အတိုကောက်အင်္ဂလိပ်စကားလုံးများဖြင့် သုံးနှုန်းထားခြင်းဖြစ်သည်။ 

ဆေးရွက်ကြီးစိုက်ပျိုးခြင်းနှင့် ထုတ်လုပ်မှုသည် စားရေရိက္ခာမဖူလုံမှု (Food insecurity)ကို ပိုမို ဆိုးရွားစေ 

စားရေရိက္ခာမဖူလုံမှု (Food insecurity) ဆိုသည်မှာ လုံလောက်သောအစားအစာ သို့မဟုတ် အရည်အသွေးပြည့်မီသော အစားအစာများ မရှိနိုင်သည့်အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။ 

ဒေသတွင်းပဋိပက္ခများနှင့်   ရာသီဥတုဖောက်ပြန်မှုများသည် ကမ္ဘာ့စားရေရိက္ခာ အကျပ်အတည်းကို ပိုမိုကြီးထွားလာစေလျက်ရှိရာတွင် စိုက်ပျိုးသီးနှံရွေးချယ်မှုကဲ့သို့သော  အခြေခံ ဒေါက်တိုင် အကြောင်းရင်းများကလည်း စားရေရိက္ခာလုံခြုံဖူလုံမှုအပေါ် အကျိုးသက်ရောက်မှု ရှိနေသည်။ စိုက်ပျိုးသီးနှံများအနက် ဆေးရွက်ကြီး စိုက်ပျိုးခြင်းသည် အောက်ပါအချက်များကြောင့် စားရေရိက္ခာမဖူလုံမှုကို ပိုမိုဆိုးရွားလာစေလျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေး ထားပါသည် -

ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် မြေဟက်တာ ၃ ဒသမ ၅ သန်းခန့်သည် ဆေးရွက်ကြီး စိုက်ပျိုးမြေများအဖြစ်သို့  ပြောင်းလဲခံနေရပြီး ဆေးရွက်ကြီး စိုက်ပျိုးခြင်းကြောင့် တစ်နှစ်လျှင် ဟက်တာ ၂၀၀၀၀၀ ခန့် သစ်တော ပြုန်းတီးမှု ဖြစ်ပွားလျက်ရှိသည်၊ 

ဆေးရွက်ကြီးစိုက်ပျိုးရာတွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ အလွန်အကျွံ သုံးစွဲရခြင်းကြောင့် မြေဆီလွှာပြုန်းတီးမှုကို ဖြစ်ပွားစေသည်၊ 
ဆေးရွက်ကြီးပင်သည်  ပေါက်ရောက်ရာ မြေကြီး၏ မြေဆီဩဇာကို ခန်းခြောက်စေနိုင်သဖြင့် ထိုမြေတွင် အခြားကောက်ပဲသီးနှံများ စိုက်ပျိုးဖြစ်ထွန်းရန် မလွယ်ကူပါ၊ 

ဆေးရွက်ကြီးစိုက်ခင်းများသည် မြေဆီလွှာ ပြုန်းတီးမှုကြောင့် သဲကန္တာရဖြစ်နိုင်ခြေ ပိုများသဖြင့် ပြောင်းစိုက်ပျိုးခြင်းနှင့် တိရစ္ဆာန် စားကျက်မြေများကဲ့သို့ အခြားသော စိုက်ပျိုးရေး လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ဂေဟစနစ်ကို ပိုမိုပျက်စီးစေနိုင်သည်၊ 

ဆေးရွက်ကြီးစိုက်ပျိုးမှုအတွက် နှစ်စဉ် ရေ  ၂၂ ဘီလီယံမက်ထရစ်တန်ခန့် အသုံးပြုနေရသည့်အတွက် ကမ္ဘာ့ရေ အရင်းအမြစ်ရှားပါးလာမှုကို ပိုမိုဆိုးရွားစေသည်။ 

ဆေးရွက်ကြီးတောင်သူများအား အစားထိုးအသက် မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ပံ့ပိုးပေးရန်လိုအပ် 

ဆေးရွက်ကြီးစိုက်ပျိုးချိန်အတွင်း ပိုးသတ်ဆေးနှင့် အဆိပ်သင့်ဓာတုပစ္စည်းများကို အလွန်အကျွံ ထိတွေ့ကိုင်တွယ်ရခြင်းသည် တောင်သူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ ကျန်းမာရေးကို ထိခိုက် ချို့ယွင်းစေသည်။ 

ဆေးရွက်ကြီးအမြောက်အမြား  စိုက်ပျိုးထုတ်လုပ်သူအများစုသည် အနိမ့်ဆုံးနှင့် အလယ်အလတ် ဝင်ငွေရှိသည့်နိုင်ငံများမှဖြစ်ကာ ၎င်းတို့ထဲမှ တစ်ဝက်ခန့်သည် အနိမ့်ဆုံးဝင်ငွေအပြင် စားရေ ရိက္ခာဖူလုံမှုမရှိသောနိုင်ငံများမှ  ဖြစ်ကြောင်းကို သုတေသနလေ့လာမှုများအရ သိရသည်။ ဆေးရွက် ကြီးစိုက်ပျိုးရာတွင် အသုံးပြုသည့် မြေများကို စားသုံးသီးနှံများ  အစားထိုးစိုက်ပျိုးခြင်းဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်-၂ ဖြစ်သည့် Zero Hunger (လုံးဝငတ်မွတ်မှုမရှိစေရ) ရရှိစေရန်အတွက် များစွာအထောက် အကူပြုမည်ဖြစ်သည်။ 

ဆေးလိပ် ဆေးရွက်ကြီး တို့မလို၊ စားရေရိက္ခာကို သာလို 

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ တွင် ဆေးရွက်ကြီးတောင်သူများနှင့် ၎င်းတို့မိသားစုများက ပိုမိုကောင်းမွန်သော ဘဝအခြေအနေရရှိစေရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် မူဝါဒ ချမှတ်သူများအား ဆေးရွက်ကြီးအစားထိုး စားသုံးသီးနှံစိုက်ပျိုးနိုင်ရန်အတွက် ဥပဒေနှင့်သင့်လျော် သော မူဝါဒများ၊ မဟာဗျူဟာများကို ချမှတ်ဖော်ဆောင်ရန်နှင့် စားသုံးသီးနှံများ ရောင်းချနိုင်ရန်အတွက် ကောင်းမွန်သော ဈေးကွက်အခြေအနေများ ကို ဖော်ဆောင်ပေးပြီး သိရှိနိုးကြားလာကြစေရန် ရည်ရွယ်ကာ “We need food, not Tobacco” “ဆေးလိပ် ဆေးရွက်ကြီးတို့မလို၊ စားရေရိက္ခာကို သာလို” ဟူသော ဆောင်ပုဒ်ဖြင့် လှုံ့ဆော်အသိ ပေးထားသည်။ 

ဆေးလိပ်နှင့်  ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်း (WHO Framework Convention on Tobacco Control-WHO FCTC)၏ အပိုဒ် ၁၇ တွင် အဖွဲ့ဝင် နိုင်ငံများမှ  ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများ အနေဖြင့် ဆေးရွက်ကြီးစိုက်ပျိုးသူများ၊ တစ်ဦးချင်း ရောင်းချသူများနှင့် လုပ်သားများအတွက် စီးပွားရေး အရ အလားအလာရှိသော အစားထိုးလုပ်ငန်းများ မြှင့်တင်ရေးနှင့်ပတ်သက်သည့် အခြေခံမူများနှင့် မူဝါဒရွေးချယ်စရာများကိုလည်းကောင်း၊ အပိုဒ် ၁၈ တွင် သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ကျန်းမာရေးကို မြှင့်တင်ခြင်းဆိုင်ရာ အခြေခံမူများ နှင့် မူဝါဒရွေးချယ်စရာများကိုလည်းကောင်း ဖော်ပြထားသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည့်  အချိန်ကာလဖြစ်သည်။ 

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးအတွက် ဆောင်ရွက်မှုများ 

ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများကို ၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (Framework Convention on Tobacco Control)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်းများသောက်သုံးမှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်းကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် ရည်ရွယ်၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် ဖြစ်ပွားတတ်သောရောဂါများကို သတိပေးဖော်ပြသည့် “ဆေးလိပ်ထုပ်တွင်  သတိပေးရုပ်ပုံနှင့် စာသားများ ပုံနှိပ်ဖော်ပြခြင်း ဆိုင်ရာအမိန့်” ကို အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာအတွေ့အကြုံများ၊ သုတေသနအချက်အလက်များအရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ် ချက်များနှင့်အညီထုပ်ပိုး၍ ကျန်းမာရေး သတိပေး ရုပ်ပုံနှင့်စာသားများပုံနှိပ်ဖော်ပြခြင်း(Standard- ized Packaging on Tobacco Products) သည် သောက်သုံးမှုကို ထိရောက်စွာ လျော့ကျစေသည့် အပြင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ဖြတ်တောက် သည့်နှုန်း (Quit Rate)ကို သိသာထင်ရှားစွာ မြင့်မားလာစေကြောင်း တွေ့ရှိလာရသည့်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၄၅၃/ ၂၀၂၁ ဖြင့် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း များကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေး ရုပ်ပုံနှင့် စာသားများ ပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်” ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို အများပြည်သူများ နားလည်သဘောပေါက်ကာ ရှောင်ကြဉ်နိုင်စေရန်နှင့် ဆေးလိပ်၊  ဆေးရွက်ကြီးသုံးစွဲမှု ဖြတ်တောက်လာကြစေရန်အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအပါအဝင် အခြားနှီးနွှယ်ဝန်ကြီးဌာန များ ပူးပေါင်း၍ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယို စသည့် မီဒီယာများမှတစ်ဆင့်လည်းကောင်း၊ ပိုစတာနှင့် လက်ကမ်းစာစောင်များ ထုတ်လုပ်ဖြန့်ဝေ၍လည်းကောင်း ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်ခဲ့သည်။ 

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများ 

ဆေးလိပ်နှင့် ဆေးရွက်ကြီးကုမ္ပဏီများသည် လက်ဟောင်းစီးကရက်ထုတ်ကုန်များ  တင်ပို့၊ ရောင်းချမှုများအပေါ်  ကန့်သတ်မှုများကြောင့် E-စီးကရက်၊ ရှီရှားရေပြောင်း (Shesha)နှင့် ဆေးရွက်ကြီးကို  အပူပေးထားသောကိရိယာ (Heated Tobacco Products - HTP) စသော ထုတ်ကုန်ပစ္စည်းအသစ်များကို ထုတ်လုပ်၊ တင်ပို့၊ ရောင်းချလာကြသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀  ခန့်တွင် အဆိုပါထုတ်ကုန်သစ်များကို ရောင်းချလျက်ရှိပြီး သုံးစွဲသူဦးရေ အထူးသဖြင့် လူငယ်များသုံးစွဲမှုသည်  တိုးပွားလျက်ရှိသည်။ အဆိုပါပစ္စည်းများကို  ရည်ရွယ်ချက်ရှိရှိဖြင့် အမျိုးအစားကွဲပြားစုံလင်စွာ ထုတ်လုပ်ခြင်းကြောင့် အမျိုးအစားခွဲခြားသတ်မှတ်ရန်  ခက်ခဲသဖြင့် ထိန်းချုပ်ရေးနည်းလမ်းများ ချမှတ်ဆောင်ရွက် ရာတွင်  စိန်ခေါ်မှုများရှိနေသည်။ ထို့အပြင် ထိုကုန်ပစ္စည်းများကို ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေပါ ထိန်းချုပ်မှုများနှင့် အကျုံး မဝင်သည့် ကုန်စည်များအဖြစ်အသွင်ယူ၍ ဈေး ကွက်ချဲ့ထွင်လျက်ရှိသည်။ ထို့ကြောင့် ကျန်းမာ ရေးနှင့်  သဘာဝပတ်ဝန်းကျင်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့် အီလက်ထရွန်နစ် နီကိုတင်းနှင့် ဆေးရွက်ကြီးထုတ်ကုန်အသစ်များအတွက် လိုအပ်သော ထိန်းချုပ်မှုများကို ချမှတ်လုပ်ဆောင်ရမည့် အချိန်ကာလဖြစ်သည်။ 

ဆေးရွက်ကြီးစိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ ဆေးရွက်ကြီးစိုက်ပျိုးမှုမှရရှိသည့် အကျိုးအမြတ် သည် ဝင်ငွေနည်းပါးသောနိုင်ငံများ၌ ထိုသို့စိုက်ပျိုး ခြင်းကြောင့်  စားရေရိက္ခာထုတ်လုပ်မှုဖြစ်စဉ် ပျက်စီးဆုံးရှုံးရသည့်ပမာဏကို ပြန်လည်အစားထိုးနိုင်မည်မဟုတ်သဖြင့် ဆေးရွက်ကြီးစိုက်ပျိုးသူများ က ဆေးရွက်ကြီးစိုက်ပျိုးမှုကို လျှော့ချ၍ အစားထိုး ကောက်ပဲသီးနှံများနှင့် သီးပင်စားပင်များ စိုက်ပျိုး ထုတ်လုပ်ရေးသို့ ကူးပြောင်းနိုင်ရေးအတွက် မူဝါဒများချမှတ်ပေးရန်နှင့် အစားထိုးသီးနှံများအတွက် ဈေးကွက်ဖော်ဆောင်ပေးရန်  ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်သည်။ 

သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးနှင့် ကျန်းမာသော မျှော်မှန်းလူ့သက်တမ်း တိုးမြင့်လာစေရေး ရည်မှန်းချက်များကို ရရှိစေရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးကို နှီးနွှယ်ဝန်ကြီးဌာနများ၏  ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။ ကျန်းမာရေးဆိုးကျိုးများစွာပေးနိုင်သည့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကို ရှောင်ရှားရန် လိုအပ်သကဲ့သို့ ဆေးရွက်ကြီး စိုက်ပျိုးသူတောင်သူများအနေဖြင့်လည်း ဆေးရွက်ကြီး အစားထိုးစားသုံးသီးနှံများနှင့် အကျိုးပြုစက်မှုသီးနှံများ စိုက်ပျိုးလာနိုင်ကြစေရန် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးကြရန်လိုအပ်သည်။ သို့မှသာ ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုကို ၂၀၂၅ ခုနှစ်တွင် သုံးပုံတစ်ပုံ လျှော့ချခြင်းကို အထောက်အကူပြုမည် ဖြစ်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၁၂ ရပ် အနက် စီးပွားရေးဦးတည်ချက်ပါ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေး” နှင့် လူမှုရေး ဦးတည်ချက်ပါ “နိုင်ငံ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာ ရေးစနစ်ဖြစ်ပေါ်လာရေး”တို့ကို  အမြန်ဆုံး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။  ။

ရည်ညွှန်းကိုးကား 

1.WHO Fact sheet on World No Tobacco Day(2023) 
2.Myanmar STEPS survey(2014) 
3.Myanmar Investment Case Study(2018)
4. WHO Framework Convention on Tobacco Control