နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ တွင် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် မလေးရှားနိုင်ငံက N95 နှာခေါင်းစည်း အရေ အတွက်(၂၀,၀၀၀)ကို ပထမအသုတ်အဖြစ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မလေးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Muhammad Syukri Azmi က N95 နှာခေါင်းစည်းများကို ပေးအပ်လှူဒါန်းရာ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က လက်ခံရယူပြီး ကျေးဇူးတင်လွှာကို သံရုံးယာယီ တာဝန်ခံထံ ပြန်လည်ပေးအပ်သည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် မလေးရှားသံရုံးမှ တာဝန်ရှိသူများအပြင် Mercy Malaysia ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း၊ မြန်မာ-မလေးရှား ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။
အဆိုပါ N95 နှာခေါင်းစည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင် ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


