နေပြည်တော် ၃၀ မေ
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများသို့ ချေးငွေအမေရိကန် ဒေါ်လာသန်း ၄၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က မေ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထောက်ပံ့ရာတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်စွမ်းရည် တိုးမြှင့်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ်ကို ရာသီဥတုပြောင်းလဲမှုဒဏ်၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်စွမ်းမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေအသင်း (International Development Association - IDA) မှ ချေးငွေအမေရိကန်ဒေါ်လာသန်း ၃၅၀၊ ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ မြှင့်တင်ရေး စီမံကိန်းအတွက် ထပ်ဆောင်းရန်ပုံငွေအဖြစ် အသုံးပြုရန် ချေးငွေအမေရိကန်ဒေါ်လာသန်း ၁၁၀ တို့ကို ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုခဲ့သည်။
အဆိုပါ လျှပ်စစ်ကဏ္ဍ ချေးငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ယခုစီမံကိန်းသည် လျှပ်စစ်ဓာတ်အားကို သက်သာသည့်နှုန်းထားဖြင့် ထုတ်လုပ်ကာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိစေသည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်ရေး ရည်မှန်းချက်ကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ်မာရီယန်ရှာမန်က ပြောသည်။
အဆိုပါ ချေးငွေများအပြင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါအတွက် အရေးပေါ် တုန့်ပြန်မှုအစီအစဉ်တွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ဆေးရုံများ၏ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်နိုင်မှု လုပ်ငန်းများကို အလျင်အမြန် အားဖြည့်သွားရန်၊ ထိုမှတစ်ဆင့် ရောဂါပြန့်ပွားမှုကို လျှော့ချပေးနိုင်ရန်၊ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများ အကာအကွယ်များ ပိုမိုပေးနိုင်ရန်၊ ရောဂါကူးစက်ခံရသူများ ရောဂါဒဏ် ပြင်းထန်စွာခံစားရခြင်းမှ သက်သာစေရန်နှင့် သေဆုံးနှုန်းလျော့ချနိုင်ရန် အထောက်အကူပြုနိုင်ရန်အတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ပံ့ပိုးပေးခဲ့သည့်အပြင် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းရန်ပုံငွေမှ အရင်းအမြစ်များကို ရယူခံစားခွင့်ရှိသည့် တိုင်းပြည်များတွင် ကပ်ရောဂါကျရောက်လာပါက ဘဏ္ဍာရေး ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် တည်ထောင်ထားသည့် Pandemic Emergency Financing Facility – PEF မှ မြန်မာနိုင်ငံအတွက် ခွဲတမ်းအဖြစ် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၈ သန်းကို ရရှိမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ်အုပ်စုသည် ကိုဗစ်-၁၉ ရောဂါဒဏ်ခံစားရသည့် တိုင်းပြည်တစ်ရာကျော်အတွက် လာမည့် ၁၅ လအတွင်း ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သူများ ကာကွယ်ပေးနိုင်ရန်၊ စီးပွားရေးလုပ်ငန်းများ ပံ့ပိုးပေးရန်နှင့် နိုင်ငံလုံးဆိုင်ရာ စီးပွားရေးအင်အားများ ပြန်လည်ထူထောင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာဘီလီယံ ၁၆ဝ ပမာဏရှိသော ဘဏ္ဍာရေးပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန် လျာထားကြောင်း သိရသည်။
ထက်လျှံ


