နေပြည်တော် ၂၇ ဖေဖော်ဝါရီ
၁။ ပြီးခဲ့သည့်နှစ်များအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဘက်ပေါင်းစုံစိန်ခေါ်မှုများကြားမှ အဓိကကျသော ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအသိုင်းအဝန်းနှင့် တံခါးဖွင့် ဆက်ဆံခဲ့ပါသည်။ ယင်းသို့လုပ်ဆောင်ရာတွင် နိုင်ငံတော်အစိုးရသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များကို လိုက်ပါအကောင်အထည်ဖော်လျက်ရှိရာ ယင်းတို့အနက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သည် အရေးကြီးဆုံးသော ကတိကဝတ်တစ်ခု ဖြစ်ပါသည်။
၂။ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Forces- FATF) ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သတ်မှတ်ချက်အရ ၂၀ဝ၁ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်အတွင်း မြန်မာနိုင်ငံကို "ပူးပေါင်းဆောင်ရွက်မှုမရှိသော နိုင်ငံများ" စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ထို့နောက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်မှု အထူးအားနည်းသည့် နိုင်ငံများစာရင်းတွင် သိသာစွာ တိုးတက်မှုမရှိသည့်နိုင်ငံအဖြစ် ထည့်သွင်းခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး မူဝါဒများ ကောင်းမွန်တိုးတက်စေနိုင်သည့် လုပ်ငန်းနယ်ပယ်များကို ဖော်ထုတ်ရန် အဖွဲ့ဝင်နိုင်ငံများအချင်းချင်း အပြန်အလှန်အကဲဖြတ်မှုကို ခံယူခဲ့ပါသည်။ ယင်းလုပ်ငန်းစဉ်တွင် ပါဝင်သော ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့၏ အကဲဖြတ်မှုပုံစံသည် ဥပဒေဆိုင်ရာ စံနှုန်းများကိုသာမက ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှုများကိုပါ တိုင်းတာသည့် ပိုမိုတင်းကြပ်သော အကဲဖြတ်မှု ဖြစ်လာပါသည်။ ၂၀၁၈ ခုနှစ် နိုင်ငံအချင်းချင်းအပြန်အလှန်အကဲဖြတ်မှု အစီရင်ခံစာ (Mutual Evaluation Report-MER) ၌ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် လိုက်နာမှု အားကောင်းစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၉၉)ချက်ကို ဖော်ထုတ်ခဲ့ပါသည်။
၃။ မြန်မာနိုင်ငံသည် အဆိုပါလုပ်ငန်းစဉ်များကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယသမ္မတ ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကိုဖွဲ့စည်း၍ ဌာနအချင်းချင်းအကြား လုပ်ငန်းစဉ်များအား စောင့်ကြည့်ရေးနှင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ နိုင်ငံတော်သမ္မတရုံးမှ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမိန့်ကို ထုတ်ပြန်ခြင်းနှင့် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးမှ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အဆင့်မှ ခိုင်မာသော ကတိကဝတ်များနှင့်အညီ ဦးဆောင်ကော်မတီကိုဖွဲ့စည်းပြီး (၃)လအတွင်း ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်များကို ကျော်လွှားနိုင်ခဲ့ကာ ထိရောက်မှုဆိုင်ရာ အကောင်အထည်ဖော်မှုတွင် သိသာထင်ရှားသော ရလဒ်ကောင်းများကို တိုးတက်ရရှိခဲ့ပါသည်။ အဆိုပါတိုးတက်မှုရလဒ်များကြောင့် နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အများစုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းစဉ်(၈)ချက်သာ ဆောင်ရွက်ရန် ကျန်ရှိပါသည်။
၄။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ထိရောက်မှု အားကောင်းလာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ကတိကဝတ်များနှင့်အညီ ဆောင်ရွက်မှုများကို ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့မှ အသိအမှတ်ပြုခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှု အစီရင်ခံစာထုတ်ပြန်ပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုနှင့် ထိရောက်မှုတို့တွင် တိုးတက်စေရန်အတွက် နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ချက် အစီရင်ခံစာပါ လုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်သော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့မှ ထည့်သွင်းဖော်ပြခဲ့ပါသည်။
၅။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လာမည့်(၁၅)လအတွင်း ကတိကဝတ်ပြုထားသည့် လုပ်ငန်းစဉ်(၈)ချက်ကို မဆုတ်မနစ် အကောင်အထည်ဖော်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်သိသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေး ခရီးစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းကော်မတီ


