မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင် အစည်းအဝေးကျင်းပ

 

 

နေပြည်တော်     မေ     ၁၇

 

မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group-APJG) မျက်နှာချင်းဆိုင်အစည်းအဝေးကို မေ ၁၅ ရက်မှ ၁၆ ရက်ထိ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

 

မျက်နှာချင်းဆိုင်အစည်းအဝေး၌ အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group–APJG) တွဲဖက်သဘာပတိများ၊ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၊ အတွင်း ရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ APJG မှ အကဲဖြတ်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

မျက်နှာချင်းဆိုင်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အစီအမံများအပေါ် APJG မှအကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်လိုက်နာ ဆောင်ရွက်ချက်များကို အကဲဖြတ်သူများအားလုံးက ခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် လက်ငင်းရလဒ် တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။  

 

APJG မှ အကဲဖြတ်သူများက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလို သည့်အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာကိုယ်စားလှယ်များက ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်း ဖြေကြားခဲ့သည်။

 

ဆွေးနွေးချက်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့်ဆက်နွယ်သည့် ငွေကြေးခဝါချမှု ဆုံးရှုံးနိုင်ခြေများအား နားလည်ဖော်ထုတ်ခြင်းများ၊ တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်နေသည့် ဟွန်ဒီများ လျော့နည်းပပျောက်စေရေးအတွက် တရားဝင်လုပ်ငန်းလိုင်စင်များ ရယူလုပ်ကိုင်စေရန် တွန်းအားပေးဆောင်ရွက်ချက်များနှင့် လိုင်စင်မရှိဘဲလုပ်ကိုင် ဆောင်ရွက်နေသူများကို တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် သက်ဆိုင်ရာနိုင်ငံများရှိ ဗဟိုဘဏ်များဖြင့်ပူးပေါင်း၍ ဖော်ထုတ် အရေးယူ ဆောင်ရွက်ချက်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးခဝါချမှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ရယူဆောင်ရွက်ချက်များ၊ သတင်းပို့အဖွဲ့အစည်းများက ပေးပို့လာသည့် သံသယဖြစ်ဖွယ်သတင်းပို့ချက်များအားစိစစ်ပြီး ဆက်လက် အရေးယူဆောင် ရွက်ချက်များ၊ ဖမ်းဆီးရမိသည့်ပစ္စည်းများ စီမံခန့်ခွဲသည့်နည်းလမ်းများကို ရှင်းလင်း တင်ပြခဲ့သည်။

 

ဆက်လက်၍ လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ ထိရောက်စွာ အကောင်အထည်ဖော်မှုများနှင့် ပတ်သက်၍ အသိပညာပေးသည့်လုပ်ငန်း များတိုးမြှင့်ဆောင်ရွက်နေသည့် အခြေအနေများ၊ အရေးယူဆောင်ရွက်ချက်များ၊ ထုတ်ပြန်ထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များသည် ဥပဒေကြောင်းအရ ခိုင်မာသည့် ဥပဒေ၊ ညွှန်ကြားချက်များဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ပေးရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)