နေပြည်တော် ဧပြီ ၂၄
မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်ပတ်သက်၍ အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group - APJG) မျက်နှာချင်းဆိုင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Online ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မျက်နှာချင်းဆိုင်အစည်းအဝေး၌ APJG မှ တွဲဖက်သဘာပတိများနှင့် အကဲဖြတ်သူများ၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ ပစိဖိတ်ငွေကြေး ခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering – APG) အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြသည်။
မျက်နှာချင်းဆိုင်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် အချက်များအပေါ် APJG မှအကဲဖြတ်သူများ၏ အကြံပြုချက်များ နှင့်အညီ တိုးတက်အကောင်အထည် ဖော် လိုက်နာဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံအနေဖြင့် လတ်တလောကြုံတွေ့ခဲ့ရသည့် ငလျင်သဘာဝ ဘေးအန္တရာယ် များခံစားနေရသည့် ကာလအတွင်း၌ပင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းနှင့် လက်ရှိဆောင်ရွက်ချက်များအပေါ်တွင်လည်း အသိအမှတ်ပြု၍ အဆင့်သတ် မှတ်ချက်များ တိုးမြှင့်ပေး စေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် FATF ၏ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့် စံနှုန်းသတ်မှတ်ချက် များကို အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များနှင့်အညီ ဥပဒေပိုင်းဆိုင်ရာ မူဘောင်များ၊ အဖွဲ့ အစည်းပိုင်းဆိုင်ရာ မူဘောင်များ တောင့်တင်းခိုင်မာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ် များကိုလည်း FATF ၊ APG အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် APJG မှအကဲဖြတ်သူများက မြန်မာနိုင်ငံ၏ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုအစီရင်ခံစာပါ လက်ငင်းရလဒ်တစ်ခုချင်းအလိုက် ထပ်မံရှင်းလင်းသိရှိလိုသည့် အချက်များ မေးမြန်းခဲ့ခြင်းအပေါ် မြန်မာကိုယ်စားလှယ်များက ဆောင်ရွက်ချက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းဖြေကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)