mdn

နေပြည်တော် ၁၆ နိုဝင်ဘာ

 

မြန်မာနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစေရေး ဥပဒေဆိုင်ရာ ကွာဟချက်နှင့် လိုအပ်ချက်များအား သိရှိနားလည်စေရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Understanding the Legal Gaps and Needs of Fisheries and Aquaculture Development in Myanmar)ကို နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ် ရွှေဘိုခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် FAO မှ တာဝန်ရှိသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး အလုပ်ရုံဆွေးနွေးပွဲအား အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

 

Global Environment Facility-GEF အထောက်အပံ့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေသတ္တဝါ မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းရပ်များအပေါ် အားထားမှုပြုနေရသည့် အသက်မွေးဝမ်းကျောင်းမှုများအနေဖြင့် (ရာသီဥတု၊ ထိခိုက်မှုဒဏ်) စသည်တို့အပေါ် ကြံ့ကြံ့ခံနိုင်မှုရှိနိုင်စွမ်းနှင့် လိုက်လျောညီထွေမှု ရှိနိုင်စွမ်းတို့အား ကောင်းလာစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် FishAdapt စီမံကိန်းအရ ဆောင်ရွက်သော လုပ်ငန်းတစ်ရပ်အဖြစ် ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ FAO မှ International Legal Consultant နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

မွှေးကြူဇင်