၁၄ သြဂုတ်
သက်ရှိ၊ သက်မဲ့သယံဇာတများ ရှာဖွေခြင်း၊ ထုတ်လုပ်သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့နှင့် စပ်လျဉ်း၍ UNCLOS ကွန်ဗင်းရှင်းက အသေး စိတ်သတ်မှတ်òန်းဆိုထားပြီး ဤဆောင်းပါး၌ အကျဉ်းချုပ်အားဖြင့် ဖော်ပြလိုပါ သည်။
သတ်မှတ်ချက်များကို လိုက်နာကြရမည်
နိုင်ငံတစ်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း ယင်းနိုင်ငံ၏ ခွင့်ပြုမှု သို့မဟုတ် အကျိုးတူပူးပေါင်းဆောင်ရွက်မှုဖြင့် ငါးဖမ်းသော အခြားနိုင်ငံနှင့် နိုင်ငံသားများသည် အဆိုပါနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ကန့်သတ်ချက်များနှင့် ငါး၊ ပုစွန်နှင့် ရေသတ္တဝါများ ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာကြရမည်ဖြစ်ပါသည်။ စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များတွင် အောက်ဖော်ပြပါကိစ္စများ အကျုံးဝင်ကြောင်း တွေ့ရှိနိုင်ပါသည် –
(က)ငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ယင်းတို့၏ ငါးဖမ်းသင်္ဘောနှင့် ကိရိယာများအတွက် လိုင်စင်ပြုလုပ်ရန်၊ အခကြေးငွေ ပေးဆောင်ရန်သတ်မှတ်ခြင်း၊ (ဖွံ့ဖြိုးပြီး ကမ်းရိုးတန်းနိုင်ငံများတွင်မူ ငါးလုပ်ငန်းနှင့် သက်ဆိုင်သော အခကြေးငွေ၊ ငါးဖမ်းကိရိယာ၊ ငါးဖမ်း ခြင်းနည်းပညာ၊ အတတ်ပညာတို့အတွက် လုံလောက်သည့် လျော်ကြေး တောင်းခံမှုများအထိ သတ်မှတ်ကြပါသည်။)
( ခ )ဖမ်းဆီးနိုင်မည့် ငါးမျိုးများ သတ်မှတ်ခြင်း၊ ဖမ်းဆီးမှုပြုလုပ်နိုင်မည့် ခွဲတမ်းလျာထားချက်သတ်မှတ်ခြင်း၊ သတ်မှတ်ထားသော ငါးမျိုးများ သို့မဟုတ် ငါးမျိုးအုပ်စု သို့မဟုတ် ဖမ်းဆီးရမည့် အချိုးအစားအပေါ် မူတည်၍ ငါးဖမ်းသင်္ဘောများက ဖမ်းဆီးသည့်အရေအတွက် သို့မဟုတ် သတ်မှတ်ရာသီအချိန်ကာလအတွင်း အခြားနိုင်ငံ၊ နိုင်ငံသားများအား ခွင့်ပြုသော ဖမ်းဆီးမှုအရေအတွက် သတ်မှတ်ခြင်း၊
( ဂ )ငါးဖမ်းခွင့်ပြုမည့် ရာသီဥတု၊ ငါးဖမ်းခွင့်ပြုမည့်ဒေသ၊ အသုံးပြုမည့် ငါးဖမ်းကိရိယာအရေအတွက်၊ ငါးအရွယ်အစား၊ ငါးအမျိုးအစား၊ ငါးဖမ်းရာတွင် အသုံးပြုသော ငါးဖမ်းသင်္ဘော၏ အချက်အလက်၊ အမျိုး အစားနှင့် အရွယ်အစားများ သတ်မှတ်ခြင်း၊
(ဃ)ဖမ်းဆီးနိုင်မည့် ငါးနှင့် အခြားသောငါးမျိုးစိတ်များ၏ အသက်နှင့် အရွယ်အစားကို သတ်မှတ်ခြင်း၊
( င ) ငါးဖမ်းဆီးရရှိမှု၊ ငါးဖမ်းရန် ကြိုးပမ်းအားထုတ်သည့် အကြိမ်အရေ အတွက်နှင့် ငါးဖမ်းသင်္ဘောအနေအထားပါဝင်သော အစီရင်ခံစာများ ပြုစုခြင်း၊ ငါးဖမ်းသင်္ဘောများဆိုင်ရာ သတင်းများ သီးသန့်ဖော်ပြခြင်း၊
( စ )ကမ်းရိုးတန်းနိုင်ငံ၏ ထိန်းချုပ်မှု အခွင့်အာဏာအောက်ရှိ သီးသန့် ငါးဖမ်းလုပ်ငန်းများ၊ သုတေသနအစီအစဉ်များ၊ ဖမ်းဆီးငါးများ၏ စံနမူနာနှင့် ပျက်စီးခြင်းစာရင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အထောက် အထား၊ စာရင်းများပါဝင်သော အစီရင်ခံစာ၊ သုတေသနဆိုင်ရာ စည်းမျဉ်းများချမှတ်ရန်လိုခြင်း၊
(ဆ)နိုင်ငံခြား ငါးဖမ်းသင်္ဘောများအပေါ်တွင် သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံက တာဝန်ပေးသော လေ့လာသူများနှင့် သင်တန်းသားများ လိုက်ပါစေခြင်း၊
( ဇ )ငါးဖမ်းသင်္ဘောများက ဖမ်းဆီးရရှိသည့် ငါးအားလုံး သို့မဟုတ် တစ်စိတ် တစ်ပိုင်းအား သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံ၏ ဆိပ်ကမ်းများတွင် ချထားခြင်း၊
( ဈ )ငါးဖမ်းလုပ်ငန်းဆိုင်ရာ သုတေသနအား တာဝန်ယူလုပ်ဆောင်သည့် ကမ်းရိုးတန်းနိုင်ငံ၏ လုပ်ကိုင်နိုင်သော စွမ်းရည်မြှင့်တင်ရေးအပါအဝင် ဆိုင်ရာဝန်ထမ်းများအား သင်တန်းပေးခြင်းနှင့် ငါးဖမ်းမှုအတတ်ပညာများ လွှဲပြောင်းပေးခြင်း။
သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံသည် ယင်းထိန်းချုပ်ရာ ပင်လယ်ဇုန်တွင် သက်ရှိသယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသကဲ့သို့ စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းများနှင့် စပ်လျဉ်း၍ ထိုက်သင့်သော ကြေညာခြင်း၊ အသိပေးခြင်းများ ပြုလုပ်ရန်လိုပါသည်။
UNCLOS ကွန်ဗင်းရှင်း၊ အာတီကယ် ၆၃ တွင် ကမ်းရိုးတန်းနိုင်ငံနှစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံထက်ပိုသော နိုင်ငံများ၏ သီးသန့်စီးပွားရေးဇုန်များအတွင်းနှင့် ယင်းဇုန်နှင့်ကပ်လျက် သို့မဟုတ် အပြင်ဘက်ဧရိယာအတွင်း၌ ပေါက်ဖွားလေ့ရှိသော ငါးမျိုးအုပ်စုများကို ဖော်ပြထားပါသည်။
တူညီသော ငါးမျိုးအုပ်စု သို့မဟုတ် ငါးမျိုးစုနှင့် ဖွဲ့စည်းထားသည့် ငါးများသည် နှစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံထက်ပိုသော ကမ်းရိုးတန်းနိုင်ငံများ၏ သီးသန့်စီးပွား ရေးဇုန်အတွင်း ပေါက်ဖွားသည့်အခါတွင် အဆိုပါ ငါးမျိုးအုပ်စုများကို ထိန်းသိမ်းကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောလုပ်ငန်းများကို သင့်လျော်သည့်ဒေသ၊ ဒေသခွဲဆိုင်ရာ အဖွဲ့အစည်းများကတစ်ဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ရန်အလို့ငှာ သဘောတူညီချက်ရရှိအောင် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။
တူညီသော ငါးမျိုးအုပ်စု သို့မဟုတ် ငါးမျိုးစုနှင့် ဖွဲ့စည်းထားသည့် ငါးများသည် နှစ်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် သို့မဟုတ် ယင်းဇုန်နှင့်ကပ်လျက် သို့မဟုတ် အပြင်ဘက်ပိုင်းရှိ ဧရိယာတွင် ပေါက်ဖွားသည့်အခါတွင်လည်း အထက်ဖော်ပြပါ သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်လိုပါသည်။
ပင်လယ်ပြင်အစိတ်ပိုင်းတစ်နေရာမှ အခြားတစ်နေရာသို့ ကူးပြောင်းမှု အလွန်လျင်မြန်သော၊ များပြားသော ငါးမျိုးများနှင့် စပ်လျဉ်းသည့် ဖော်ပြချက်ကိုလည်း အကျဉ်းချုပ်အားဖြင့် တင်ပြလိုပါသည်။
ပင်လယ်အစိတ်အပိုင်းတစ်နေရာမှ အခြားတစ်နေရာသို့ ကူးပြောင်းမှု လျင်မြန်၊ များပြားသော ငါးမျိုးများ (ဤငါးအမျိုးအစားများစာရင်းကို ကွန်ဗင်းရှင်းက နောက်ဆက်တွဲဖြင့် ဖော်ပြထားသည်။) ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်နှင့် ဤသို့ထိန်းသိမ်းရာတွင် သင့်လျော်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပါသည်။
ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရန်
အဏ္ဏဝါနို့တိုက်သတ္တဝါများကို ရှာဖွေ၊ ဖမ်းဆီး၊ ထုတ်လုပ်ခြင်းများနှင့် စပ်လျဉ်း၍ တားဆီးခြင်း၊ ကန့်သတ်ခြင်း၊ စည်းမျဉ်းများချမှတ်ခြင်းတို့အတွက် ကွန်ဗင်းရှင်းအရ ကမ်းရိုးတန်းနိုင်ငံအား အခွင့်အာဏာပေးထားပါသည်။ ထို့အတူ ကွန်ဗင်းရှင်းအရ သတ်မှတ်သော အခွင့်အာဏာအပ်နှင်းခြင်းခံရသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း ကန့်သတ်ချုပ်ချယ်ခြင်း မပြုနိုင်ပါ။ အဓိကရည်မှန်း ချက်မှာ အဏ္ဏဝါနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး လုပ်ဆောင်ချက်တို့နှင့် စပ်လျဉ်း၍ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ရန် ဖြစ်ပါသည်။ Cetaceans ခေါ် နို့တိုက်သတ္တဝါများအုပ်စုကို ထိန်းသိမ်းကာကွယ်ရေး၊ စီမံခန့်ခွဲရေးနှင့် သုတေသနပြုလုပ်ရေးအတွက်မူ သင့်လျော်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကတစ်ဆင့်သာ ပြုလုပ်ရန် ကန့်သတ်ထားပါသည်။
အန်နာဒရိုမတ်စ်မျိုးရိုးများနှင့် စပ်လျဉ်း၍မူ ယင်းတို့ မူရင်းစတင်ပေါက်ဖွားရာ နိုင်ငံတွင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး မူလတာဝန်နှင့် ပဏာမအကျိုးစီးပွား ရှိပါသည်။ မူရင်းနိုင်ငံသည် ယင်း၏ သီးသန့်စီးပွားရေးဇုန်အတွင်းပိုင်းရှိ အဆိုပါငါးမျိုးများကို ဖမ်းဆီးခြင်းအတွက် သင့်လျော်သော ဥပဒေ၊ စည်းမျဉ်းများ ပြဋ္ဌာန်းခြင်းဖြင့် ထိန်းသိမ်းကြပ်မတ်ရန် လိုပါသည်။
ထို့အတူ ဤငါးအမျိုးအစားများကို ဖမ်းဆီးလို သည့် အခြားသောနိုင်ငံများနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက်ပိုင်းတွင်မှ ယင်းနိုင်ငံ၏ မြစ်အတွင်း မွေးဖွားသည့် ငါးမျိုးများအနက် ဖမ်းဆီးခွင့်ပြုမည့် အရေအတွက်ကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် အန်နာဒရိုမတ်စ်ငါးမျိုးများဖမ်းဆီးခြင်းကို သီးသန့်စီးပွား ရေးဇုန်အတွင်း၌သာ ဆောင်ရွက်ရန်ဖြစ်ပါသည်။ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်၌ ဖမ်းဆီးခြင်းအတွက်မူ မူရင်းနိုင်ငံ၏ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတာဝန် ကို အလေးပေးရန် လိုပါသည်။ ယင်းငါးမျိုးများ ဖမ်းဆီးရေးဆိုင်ရာ သတ်မှတ်ချက်နှင့် ကန့်သတ်ချက်များကို နှစ်ဖက်သဘောတူညီမှုရရှိမှသာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
မူလနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန်
အန်နာဒရိုမတ်စ်မျိုးရိုးများသည် မူလနိုင်ငံမဟုတ်သည့် အခြားသောနိုင်ငံများ၏ သီးသန့်စီးပွားရေးဇုန်အတွင်း သို့မဟုတ် ယင်းဇုန်တစ်လျှောက် ရွှေ့ပြောင်းရောက်ရှိ သွားသည့်အခါတွင် ယင်းမျိုးရိုးများအား ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအတွက် အဆိုပါနိုင်ငံသည် မူလနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါသည်။
အန်နာဒရိုမတ်စ်ငါးမျိုးများ ပေါက်ဖွားတည်ရှိရာ မူလနိုင်ငံနှင့် ယင်းငါးမျိုးများ ရွှေ့ပြောင်းရောက်ရှိသွားသော အခြားနိုင်ငံသည် ကွန်ဗင်းရှင်းပါ သတ်မှတ်ချက်များကို အကောင်အထည်ဖော်ရေးအတွက် သက်ဆိုင်သော ဒေသဆိုင်ရာအဖွဲ့အစည်း ကတစ်ဆင့် သင့်လျော်သည့်အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
ကက်တာဒရိုမတ်စ် (Catadromous) မျိုးရိုးများနှင့် စပ်လျဉ်း၍ ယင်းမျိုးရိုး၏ ဘဝစက်ဝန်းအခြေချတည်ရှိရာ အချိန်ကာလအများဆုံးသည် ကမ်းရိုးတန်းနိုင်ငံ၏ ရေပြင်အတွင်းဖြစ်ပေါ်ပါက စီမံခန့်ခွဲရေးအတွက် အဆိုပါနိုင်ငံက တာဝန်ယူရမည် ဖြစ်ပါသည်။ ကက်တာဒရိုမတ်စ်မျိုးရိုးများကို သီးသန့်စီးပွားရေးဇုန်အတွင်းဘက်ပိုင်းရှိ ရေပြင်တွင်သာ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူခွင့်ပြုချက်ဖြင့် ဖမ်းဆီးရမည်ဖြစ်ပြီး ကွန်ဗင်းရှင်းပါ သတ်မှတ်ချက်များနှင့် ညီညွတ်ရန် လိုပါသည်။
ယင်းငါးမျိုးများသည် ငယ်ရွယ်ချိန် သို့မဟုတ် ရင့်ကျက်ချိန်ကာလ၌ အခြားနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်းသို့ ရွှေ့ပြောင်းရောက်ရှိသည့် ကိစ္စများနှင့် စပ်လျဉ်း၍မူ ယင်းငါးအား ဖမ်းဆီးခြင်းအပါအဝင် စီမံခန့်ခွဲခြင်းအတွက် မူလနိုင်ငံနှင့် ပြောင်းရွှေ့ရောက်ရှိသွားသော နိုင်ငံတို့အကြား စည်းမျဉ်းများသတ်မှတ်ရန် လိုအပ်လာမည် ဖြစ်ပါသည်။
ထိရောက်စွာ ထိန်းချုပ်နိုင်မည်
ပင်လယ်ပြင်ရှိ သက်ရှိ၊ သက်မဲ့သယံဇာတပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး အခန်းကဏ္ဍကို UNCLOS ကွန်ဗင်းရှင်းက အထူးအလေးပေးထားပါသည်။ ထို့အတူ သက်ဆိုင်ရာ ကမ်းရိုးတန်းနိုင်ငံအနေဖြင့်လည်း ယင်း၏ကမ်းလွန်ရေတိမ်ပိုင်းနှင့် သီးသန့်စီးပွားရေးဇုန်အတွင်း မိမိတို့နိုင်ငံ၏ အနေအထားအရ သုတေသန လုပ်ငန်းများကတစ်ဆင့် ရနိုင်သမျှသော သိပ္ပံ၊ နည်းပညာဆိုင်ရာ အချက်အလက်၊ အထောက်အထားများအပေါ် အခြေခံ၍ ထိရောက်သော စီမံခန့်ခွဲခြင်း၊ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်းများ လုပ်ကိုင်ရန် လိုမည်ဖြစ်ပါသည်။ ငါးမျိုးများ ပြန်လည်ပေါက်ဖွားရေး၊ မွေးမြူရေးကို ခြိမ်းခြောက်လာနိုင်သည့် ပြင်ပအခြေအနေ၊ အသွင်လက္ခဏာနှင့် အကျိုးဆက်များကို မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ရန် လိုပါမည်။ သို့မှသာ သက်ရှိ၊ သက်မဲ့သယံဇာတများကို အလွန်အကျွံ ရှာဖွေထုတ်ယူ ခြင်းကြောင့် တိမ်ကောပျောက်ကွယ်ခြင်း မဖြစ်စေရေးအတွက် ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဟု ယူဆပါသည်။
ကမ္ဘာတစ်ဝန်း အဏ္ဏဝါသမုဒ္ဒရာများ၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရေး၊ အဏ္ဏဝါသတ္တဝါများ၊ ငါးမျိုးစိတ်များ၊ ငါးမျိုးနွယ်အုပ်စုများ ကာကွယ်ရေးနှင့် အဏ္ဏဝါဆိုင်ရာစနစ်များ တိုးတက်စေရေးတို့အတွက် ဒေသတွင်းရှိ နိုင်ငံများ၊ အဖွဲ့အစည်းများက စာချုပ်များ ချုပ်ဆိုခြင်းဖြင့် ဆောင်ရွက်နေကြကြောင်း အောက်ဖော် ပြပါ သာဓကအချို့ ဖြင့် ကောက်နုတ်ဖော်ပြလိုပါသည် –
-အိန္ဒိယသမုဒ္ဒရာအတွင်း တူနာငါးများအား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် တူနာကော်မရှင်၊
-အတ္တလန္တိတ်သမုဒ္ဒရာနှင့် ယင်းနှင့်ကပ်လျက်ရှိသော ရေပြင်ဧရိယာတွင် တူနာငါးနှင့် တူနာငါးကဲ့သို့ သဏ္ဌာန်တူသော မျိုးစုကွဲများကို ထိန်းသိမ်းစီမံခန့်ခွဲရန်အတွက် International Commission for the Conservation of Atlantic Tunas
-အတ္တလန္တိတ်သမုဒ္ဒရာ၏ အနောက်မြောက်ဘက်၊ အရှေ့မြောက်နှင့် အရှေ့တောင်ဘက်ဧရိယာများတွင် စုပြုံတည်ရှိနေသော ငါးများကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းသိမ်းစီမံခန့်ခွဲရန်အတွက် Northwest Atlantic Fisheries Organization
- Antarctic သမုဒ္ဒရာတောင်ပိုင်းရှိ အဏ္ဏဝါသတ္တဝါများကို ထိန်းသိမ်းကာကွယ်ရန်အတွက် Commission for the Conservation of Antarctic Marine Living Resources ၊
-အတ္တလန္တိတ်သမုဒ္ဒရာမြောက်ပိုင်းရှိ ဆော်လမွန်ငါးများကို အကာအကွယ်ပေးရန်၊ ဒေသတွင်း ဆော်လမွန်ငါးထိန်းသိမ်းရေးအဖွဲ့ ၊
-ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အနောက်ဘက်ဒေသရှိ လျင်မြန်စွာ ရွှေ့ပြောင်းနိုင်သော စုပြုံငါးများကို ကာကွယ်ထိန်းသိမ်းရန်ဒေသတွင်း အဖွဲ့အစည်း၊
-တောင်ပိုင်းပင်လယ်ပြင်ဒေသများရှိ bluefin တူနာများကို ကာကွယ်စောင့်ရှောက်ရန်အတွက် Commission for the Conservation of Southern Bluefin
မည်သည့်တစ်နိုင်ငံကမျှ ထိန်းချုပ်ခြင်းမပြုနိုင်သော အပြည်ပြည်ဆိုင်ရာ ပင်လယ် (High Seas) ၏ အစိတ်အပိုင်းအဖြစ်ပါဝင်နေသော အာတိတ်သမုဒ္ဒရာတွင် စီးပွားဖြစ်ငါးဖမ်းဆီးခြင်းများကို နိုင်ငံတစ်နိုင်ငံ၏ ဥပဒေဖြင့် တားဆီးနိုင်ခွင့် မရှိခြင်းကြောင့် ယင်းငါးဖမ်းခြင်းများကို ကာကွယ်ရန်အတွက် ဒေသတွင်း နိုင်ငံ အများစုတို့ပါဝင်သော Central Arctic Ocean Agreement စာချုပ် ချုပ်ဆို ခဲ့သည်ကိုလည်း တွေ့ရှိနိုင်ပါသည်။
ငါးဖမ်းခြင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် နိုင်ငံများက ဒေသအလိုက် သို့မဟုတ် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လက်ခံထားသော အပြည်ပြည်ဆိုင်ရာစံနှုန်းများကို ထည့်သွင်းစဉ်းစားရန် လိုမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံအတွင်း ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုနေသော ပြည်သူများ၏ စီးပွားရေးလိုအပ်ချက်ကိုလည်း အထူးဦးစားပေးရန် ဖြစ်ပါသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ လူတို့ ဖန်တီးပြုလုပ်ခြင်းများကြောင့် အဏ္ဏဝါဆိုင်ရာ သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ရေရှည်ထိန်းသိမ်းရန်၊ တရားမဝင်ငါးဖမ်းခြင်းကို ပိတ်ပင်တားဆီးရန် အရေးကြီးသည်ဟု ယူဆပါသည်။ သယံဇာတများ၊ ငါးမျိုးများ ပြုန်းတီးမှု မဖြစ်စေရေး ထိန်းချုပ်ရန်အလို့ငှာ ကမ်းရိုးတန်းနိုင်ငံသည် ယင်းအချုပ်အခြာ လုပ်ပိုင်ခွင့် ကျင့်သုံးရာ သီးသန့်စီးပွားရေးဇုန်တွင် ဥပဒေ၊ စည်းမျဉ်းများ ပြဋ္ဌာန်းခြင်းဖြင့် ရေရှည်စီမံချက်များနှင့် ငါးဖမ်းခြင်းဆိုင်ရာစီမံခန့်ခွဲမှုများ ချမှတ်ရေးမှာလည်း အလားတူအရေးကြီးပါကြောင်း အကြံပြုလိုပါသည်။
လှမျိုးနွယ်