ရန်ကုန် ဒီဇင်ဘာ ၂၄

ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အပန်းဖြေတံတားဖြစ်သည့် သာကေတတံတားဟောင်းရှိ Linear Park ကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားသည့် ပုဇွန်တောင်ချောင်းကူး သာကေတတံတားဟောင်းရှိ စက်ဘီးလမ်းနှင့် လူသွားလမ်းပါ Linear Park ကို ပြည်သူများ စိတ်အေးချမ်းသာယာပြီး အန္တရာယ်ကင်းကင်းဖြင့် အပန်းဖြေအနားယူနိုင်ရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Linear Park သည် အလျား ၁၇၈၁ ပေ အကျယ် ၁၂ ပေရှိ ကတ္တရာကွန်ကရစ်ခင်း စက်ဘီးလမ်းဖြစ်ပြီး လမ်းဘေးတွင် သုံးပေအကျယ်ရှိ ပန်းခုံ၊ ကိုးပေအကျယ်ရှိ ကျောက်ပြားခင်းလူသွားလမ်းနှင့် အားကစားပြုလုပ်ရာ နေရာများပါဝင်ကြောင်း သိရသည်။

တံတားအတက်အဆင်းတွင်ကြွေပြား ခင်းလှေကား၊ အုတ်ခုံတန်းနှင့် သန့်စင်ခန်းများလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြေယာရှုခင်း ပြုပြင်ခြင်းအတွက်လည်း ပန်းဥယျာဉ်နှင့် အားကစားကွင်းဌာနမှ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အာကာစိုး