မြန်မာနိုင်ငံ၏ ပထမဦးဆုံး အငယ်စား၊ အသေးစားနှင့် အလတ်စားထုတ်ကုန်ပြပွဲ ကျင်းပမည်

ရန်ကုန်  ၁၃  ဇန်နဝါရီ 

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ၏ ထုတ်ကုန်ပြပွဲ (MSME Expo 2020) ကို ယခု ဇန်နဝါရီလကုန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက သာကေတမြို့နယ် မင်းနန္ဒာလမ်းရှိ Fortune Plaza တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

"ကျွန်တော်တို့ MSME လုပ်ငန်းအသေးလေးတွေဟာ အစုအဖွဲ့အလိုက် သူ့နေရာနဲ့သူ လုပ်ငန်းကွဲပြားနေပါ တယ်။ စုစုစည်းစည်းရှိဖို့ လိုအပ်နေတယ်လို့ ကျွန်တော်အနေနဲ့မြင်ပါတယ်။ ဒီပြပွဲကို ပြုလုပ်ခြင်းအားဖြင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အသေးစားလုပ်ငန်းတွေဟာ ဒီနေရာမှာ လာရောက်ပူးပေါင်းပြီး၊ တစ်ယောက် နဲ့တစ်ယောက် ညှိနှိုင်းပူးပေါင်းပြီး စုစုစည်းစည်းနဲ့၊ နောင်ဒီထက်ပိုပြီး သူတို့ထုတ်ကုန်တွေ တိုးတက် လာအောင်၊ ပြည်တွင်းထုတ်ကုန်မှသည် ပြည်ပသို့ဆိုတဲ့ အစဉ်အလာအရ ကျွန်တော်တို့ဘက်က သူတို့ကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတဲ့၊ ဘယ်လိုလုပ်ပေးနိုင်မလဲ၊ ကျွန်တော်တို့ အသင်းအနေနဲ့ ကူညီပေးနိုင်မယ့် အနေအထားတွေ၊ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်မယ့် အနေအထားလေးတွေ ထုတ်ကုန်ချင်းတူရင် တောင် တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းပြီး နည်းပညာမြင့်မားလာအောင်၊ ထုတ်ကုန်ကျယ်ပြန့် လာ အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပြပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်" ဟု ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောသည်။ 

အဆိုပါ အငယ်စား၊ အသေးစားနှင့် အလတ်စားထုတ်ကုန်ပြပွဲတွင် ပြည်တွင်းရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊  ထိုင်းနိုင်ငံမှ One Tambon One Product(OTOP) လုပ်ငန်းရှင်များ၊ အာဆီယံ နိုင်ငံအချို့မှ SME လုပ်ငန်းရှင်များနှင့် အာရှနိုင်ငံအချို့မှ လုပ်ငန်းရှင်များက ပြခန်းပေါင်း ၂၄၀ ကျော်ဖြင့် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ သာကေတမြို့နယ် မင်းနန္ဒာလမ်းရှိ Fortune Plaza တွင် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ သုံးရက်ကြာ ပြသမည်ဖြစ်ကာ ပြည်တွင်းထုတ် ကုန်ပြခန်းများ၊ မော်တော်ကားပြခန်း၊ စားသောက်ကုန်၊ ကုန်ထုတ်လုပ်မှု၊ ပယင်းနှင့် ပညာရေးဆိုင်ရာ ပြခန်းများအပြင် ကမ္ဘာ တစ်ဝန်းရှိ SME လုပ်ငန်းများနှင့် မြန်မာနိုင်ငံ၏ SME လုပ်ငန်းများနှင့်ဆက်နွှယ်သည့် ဆွေးနွေးဟောပြောပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများပါဝင်မည်ဖြစ်ကာ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော် ဖြေမှုနှင့် ကလေးများကစားနိုင်သည့် အစီအစဉ်များကိုပါ ထည့်သွင်း စီစဉ်ထားကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း