၂၅ ဇွန်
ပြီးခဲ့သည့် နှစ်ပတ် ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ကျွန်မ ညောင်ရွှေမြို့သို့ရောက်ခဲ့ပါသည်။ ညနေ ၅ နာရီတွင် သစ်ပင်စိုက်ပျိုးသည့်အခမ်းအနားရှိသဖြင့် ကျွန်မနှင့် ဆရာအော်ပီကျယ်တို့ တက်ရောက်ခဲ့ကြပါသည်။ စိုက်ပျိုးသောသစ်ပင်များမှာ လူတစ်ရပ်ထက်ပင် မြင့်သည့်အပင်များဖြစ်သည်။ ထိုအပင်များမှာ တည်သီးပင်များ ဖြစ်သည်ဟုသိရသည်။ မြန်မာမျိုးရင်းလား သို့မဟုတ် မန္တလေးမှာ စိုက်ပျိုးကြသည့်သတင်းထဲကလို အိမ်နီးချင်းနိုင်ငံက တင်သွင်းသော အပင်များလား ကျွန်မ မမေးမိခဲ့ပါ။ ယခုအချိန်မှာ မြန်မာမျိုးရင်းကို စိုက်ပျိုးဖို့ဆိုသည်ထက် ဘယ်ကအပင်ဖြစ်ဖြစ် ရှင်သန်မှာ သေချာသည့်အပင်ကို စိုက်ကြရသည့်အခြေအနေကို ကျွန်မ နားလည်ထားပါသည်။ ထိုအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက စကားပြောသည့်အခါ ယခုအခါ လျစ်လျူရှု၍ မရနိုင်လောက်အောင် ထင်ရှားနေပြီဖြစ်သည့် ၂၀၁၆ ခုနှစ်စစ်တမ်းမှ တွေ့ရှိချက်တစ်ခုကို ထည့်ပြောသွားသည်။ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်ပြီး အချိန်မတန်ဘဲ သေဆုံးရသည့် လူဦးရေ နှစ်သောင်း နှစ်ထောင် ရှိခဲ့သည်ဟူသည့်စကားဖြစ်ပါသည်။ ထိုနေ့က ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပြီး ယခုနှစ်၏ အဓိကဦးတည်ချက်မှာ လေထုညစ်ညမ်းမှုတိုက်ဖျက်ရေး (Beat Air Pollution) ဖြစ်သောကြောင့်ပါ။
အထင်ရှားဆုံးခံရ
ကမ္ဘာ့ရာသီဥတု ဆိုးရွားမှုဆိုင်ရာညွှန်းကိန်း (Global Climate Risk Index)အရ ၁၉၉၅ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း ပြင်းထန်သော ရာသီဥတုကြောင့် အထိခိုက်ဆုံးနိုင်ငံများကို စဉ်လိုက်သည့်အခါ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၈၃ နိုင်ငံတွင် ဒုတိယအဆိုးရွားဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၂၀ဝ၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းဒဏ်၊ ၂၀၁၀ ပြည့်နှစ်တွင် လူအသေအပျောက်များလှသော အပူဒဏ်၊ ၂၀၁၅ ခုနှစ်တွင် မြစ်ရေလျှံခြင်းဘေးဒဏ် စသည်တို့သည် လက်တလောဖြစ်ပျက်သွားခဲ့သော ဘေးဒုက္ခများ ဖြစ်ပါသည်။ ကမ္ဘာ၏တခြားသောနိုင်ငံများထက် မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲပြင်းထန်ဆိုးရွားမှုကို အထင်ရှားဆုံးခံနေရပြီး ထိုအခြေအနေမှ ပြန်လည်ရုန်းထွက်ရန်မှာ ရှိခဲ့ဖူးသော သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းမှဖြစ်မည်ဟု ၂၀၁၇ ခုနှစ် မတ်လတွင် WWF အဖွဲ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ (Technical Report)တွင် ရေးသားဖော်ပြထားသည်ကို ဖတ်ရပါသည်။
ကျန်းမာရေး ထိခိုက်
မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော အဆိုးဆုံးသဘာဝပတ်ဝန်းကျင်ပျက်စီးမှုက ဘာလဲဟု လွန်ခဲ့သော အနှစ် နှစ်ဆယ်က မေးခဲ့ချိန်တွင် သစ်တောပြုန်းတီးခြင်း ဖြစ်လိမ့်မည်ဟု နိုင်ငံရပ်ခြားမှ ပညာရှင်တစ်ယောက်က ဖြေခဲ့ဖူးသည်။ ယခုအခါမှာတော့ မြန်မာနိုင်ငံတွင် လက်ရှိခံစားနေရသော သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများမှာ အလွန်များသည်။ အမျိုးမျိုးသော ဆိုးရွားမှုဒဏ်များကို မြန်မာနိုင်ငံသူ နိုင်ငံသားများ ကြုံတွေ့နေရသည်။ ပူပြင်းခြောက်သွေ့ကာ မိုးခေါင်ခြင်းနှင့်တစ်ပြိုင်တည်းမှာ ရေကြီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် လေထုညစ်ညမ်းမှုကြောင့် သေဆုံးရသည့်လူဦးရေပမာဏ များပြားလာခြင်း၊ ရေထုညစ်ညမ်းခြင်း၊ မသန့်သည့်ရေကြောင့် သေဆုံးသည့်လူဦးရေ များပြားလာခြင်း၊ မြေဆီလွှာခန်းခြောက်ပျက်စီးခြင်း၊ ထိုအခြေအနေများကြောင့် စီးပွားရေး၊ ကျန်းမာရေးများ ထိခိုက်ကြရပါသည်။
အစီရင်ခံစာတွင်ဖော်ပြထားသော ကြိုတင်မှန်းဆချက်အရ ယခုရာစုအလယ်ပိုင်းတွင် မြန်မာနိုင်ငံမှာ အပူချိန် အလွန်မြင့်မားလာခြင်းကို ကြုံတွေ့ရလိမ့်မည်ဟူ၏။ ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ အပူချိန်တက်နှုန်းမှာ ဆယ်စုနှစ်တစ်ခုမှာ သုည ဒသမ ၂၅ ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံးအပူချိန်တက်နှုန်းမှာ သုည ဒသမ ၄ ဒီဂရီစင်တီဂရိတ် ရှိသည်။ အပူချိန်တက်နှုန်းမှာ မြန်လာသည်ကိုတွေ့ရသည်။ ကမ်းခြေပိုင်းနှင့်ကုန်းတွင်းပိုင်း နှိုင်းယှဉ်ကြည့်လျှင် ကုန်းတွင်းပိုင်းမှာ အပူချိန်ပိုတက်မည်ဟု ဆိုပါသည်။ ထိုအစီရင်ခံစာတွင် အပူချိန်မြင့်တက်မှုသာမက မိုးရွာသွန်းချိန်နည်းပါးခြင်းအပြင် ပင်လယ်ရေမြင့်တက်မှုဒဏ်ကို မြန်မာနိုင်ငံမည်မျှအထိခံရမည်ဆိုသည်ကိုလည်း လေ့လာသုံးသပ်ထားသည်ကို ဖတ်ရသည်။
ဆိုးကျိုးကို ပိုပြီးခံစားရ
ဆိုင်ကလုန်းမုန်တိုင်းနာဂစ်အပြီး ရှေ့လာမည့်နှစ်များတွင် ဖြစ်ပေါ်လာဦးမည့် နောက်ထပ်ဆိုင်ကလုန်းမုန်တိုင်း များ မြန်မာပြည်သို့ ကျရောက်သည့်အခါ ဆိုးကျိုးဒဏ်သက်ရောက်မှု အတိမ်၊ အနက်သည် ရာသီဥတုပြောင်းလဲခြင်းတစ်ခုတည်းနှင့် သက်ဆိုင်သည်မဟုတ်။ လူဦးရေတိုးပွားလာမှု၊ ထိုလူဦးရေတို့၏ အကွယ်အကာမဲ့စွာ နေထိုင်ရမှု၊ စနစ်မကျသည့် မြေအသုံးချမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့်လည်း မုန်တိုင်း၏ဆိုးကျိုးများကို ခံရလိမ့်ဦးမည်ဖြစ်သည်။ အဓိကကတော့ အနိမ့်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသမှ လူတို့သည် ဆိုင်ကလုန်းမုန်တိုင်း၏ဆိုးကျိုးကို ပိုပြီးခံစားကြရမည်။
ထိုအစီရင်ခံစာကိုဖတ်နေရင်း တစ်နေ့က မုန်တိုင်းအကာအကွယ် အဆောက်အဦများအကြောင်းကို ရေဒီယိုမှာ ကြားလိုက်ရသည့်သတင်းကို သတိရမိပါသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ဒေသတို့တွင် မုန်တိုင်းကာကွယ်အဆောက်အဦ(Cyclone Shelter)ပေါင်း ၂၀ဝ ကျော် တည်ဆောက်ပြီးပြီဟုသိရသည်။ ကျွန်မသိရသလောက်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုန်တိုင်းကာကွယ်အဆောက်အဦပေါင်း ၄၀ဝ၀ ကျော်ရှိသည်။ မုန်တိုင်းကာကွယ် အဆောက်အဦတစ်ခုလျှင် လူ၅၀ဝ မှ ၂၅၀ဝ အထိ ခိုလှုံနိုင်သည်ဟု သိရသည်။ ထို့ကြောင့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းနှင် မုန်တိုင်းဒီရေကြောင့် သေဆုံးရသည့်အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံမှာတော့ အစစအရာရာသည် အလျင်အမြန် အရေးတကြီး လိုအပ်နေဆဲဖြစ်သည်။ လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ အဆောက်အဦများ၊ ဆက်သွယ်ရေးစနစ်များ၊ သောက်သုံးရေစနစ်နှင့် စွန့်ပစ်ရေစနစ်စသည့် အခြေခံအဆောက်အဦ(Infrastructure)များကို ဆောင်ရွက်ရာ၌ ကဏ္ဍအသီးသီးရှိ မူဝါဒချမှတ်သူများ၊ ဆုံးဖြတ်ချက်ချမှတ်သူများအနေဖြင့် ရာ သီဥတုပြောင်းလဲမှုဆိုးကျိုးကို ထည့်တွက်ပြီး စီမံကိန်းများရေးဆွဲကြရမည်။ ဥပမာအားဖြင့် မသေချာမရေရာသည့် စီးဆင်းရေကိုမျှော်ကိုးသည်ထက် ရေပညာရှင်များ၏ စီမံခန့်ခွဲမှုအတတ်ပညာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည့်အဖြစ်မျိုးဟု ဆိုပါသည်။ မြေပေါ် မြေအောက်ရေတို့ကို ထိန်းသိမ်းမည့် ရေဝေတောတို့ကို ပြန်လည်ပြုစုပျိုးထောင်ရန် အလွန်အရေးကြီးပြီး အရေးပေါ်အခြေအနေသို့ ရောက်နေပြီမှာ သိသာထင်ရှားပါသည်။ အခြေခံအဆောက်အဦများစွာ၏ ကဏ္ဍများစွာသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်ဖြစ်ရာ ကဏ္ဍတစ်ခု၏ ကျရှုံးမှုသည် အခြားကဏ္ဍတစ်ခုကို ဆိုးကျိုးသက်ရောက်ပြီး အထူးဆုံးရှုံးအောင် ဆွဲချနိုင်စွမ်းရှိသည်ကို သဘောပေါက်ထားရန် လိုပါသည်။
လာမည့် ဆယ်စုနှစ်များအတွက် အခြေခံအဆောက်အဦများစွာ စီမံကိန်းချမှတ်ထားပြီးဖြစ်သည့် မြန်မာနိုင်ငံတွင် ရေကာတာနှင့် ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့သော စီမံကိန်းများကို ကြံစည်ခြင်း၊ တည်ဆောက်ခြင်း၊ ဆောင်ရွက်ခြင်းအမှုတို့၌ ရာသီဥတုပြောင်းလဲခြင်းအဖြစ်ကို ဦးစားပေးစဉ်းစားပြီး ထည့်တွက်ရမည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။
ဂျူး